ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှာဖွေတွေ့ရှိ


နေပြည်တော် ၊ စက်တင်ဘာ- ၂၄

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် မောင်တောမြို့နယ်၊ ရဲဘော်ကျ ကျေးရွာအနီး၌ ရှာဖွေတူးဖော်ရရှိခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကြောင့် စစ်တွေမြို့တွင် နေရပ်စွန့်ခွာထွက်ပြေးရောက်ရှိနေသည့် မောင်တောမြို့နယ်၊ လေးမိုင်ရွာသား ဟိန္ဒူဘာသာဝင် ဦးနီမော်လ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်းဆောင်)ထံသို့ ရဲဘော်ကျကျေးရွာနေ မဘီနာဘာလာ(ဘ) ဦးဆွေလာမ်က ဖုန်းဖြင့် ဆက်သွယ်ပြောကြားချက်အရ သြဂုတ် ၂၅ ရက် ည ၉ နာရီခွဲတွင် ရဲဘော်ကျ ကျေးရွာသို့ လက်နက်ငယ်၊ တုတ်၊ ဓား၊ လှံများကိုင်ဆောင်ထားသည့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်း ဖက်သမားအင်အား ၃၀၀ ဦးခန့် ၀င်ရောက်လာပြီး ကျေးရွာရှိ အမျိုးသား/အမျိုးသမီး ၁၀၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ အကြမ်း ဖက်သမားများက အမျိုးသား/အမျိုးသမီး အားလုံးနီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ဝင်ခိုင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရှိရသည်။


အထက်ပါပြောကြားချက်အား ဦးနီမော်လ်မှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ ၀င်များထံ သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးနီမော်လ်နှင့်အတူ ခမောင်းဆိပ်နှင့် တမန်းသားကျေးရွာတို့မှ ဟိန္ဒူဘာသာဝင်အချို့လိုက်ပါ၍ ရဲဘော်ကျကျေးရွာသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် အဆိုပါကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာနေရာ၌ မသင်္ကာဖွယ်မြေအနေအထားတွေ့ရှိရပြီး အပုပ်နံ့ရရှိသဖြင့် ရှာဖွေတူးဖော်ကြရာ အလောင်း များမြှုပ်ထားသည်ဟု ယူဆရသော အကျယ် ၁၃ ပေပတ်လည်ကျင်းကြီး ၂ ကျင်း (၁၀ ပေခန့်အကွာ)အား စတင်တွေ့ရှိခဲ့သည်။

အဆိုပါကျင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘသာဝင်များက တူဖော်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ပထမကျင်းအတွင်းမှ အမျိုးသမီးရုပ်အလောင်း ၁၂ လောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယကျင်းအတွင်းမှ အသက် ၁၀ နှစ်အောက် အမျိုးသားရုပ်လောင်း ၆ လောင်း၊ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၈ လောင်း စုစုပေါင်းရုပ်အလောင်း ၂၈ လောင်းတို့ကို ရှာဖွေတူးဖော် ရရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါရှာဖွေခဲ့သည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအုပ်စု၊ တောင်ရွာနေ ဟိန္ဒူဘသာဝင်ဦးအရှီကူမာနှင့် လေးမိုင်ကျေးရွာနေ ဦးနီမော်လ်တို့နှင့်အတူ အခြားဟိန္ဒူဘာသာ ၀င်များ၏ အတည်ပြုပြောကြားချက်များအရ အဆိုပါတူးဖော်ရရှိခဲ့သည့် ရုပ်အလောင်းများသည် ရဲဘော်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်ရှိ ဟိန္ဒူဘာသာဝင်များအား ရှာဖွေတွေ့ရှိရေး ထပ်မံရှာဖွေလျက်ရှိကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှာဖွေတွေ့ရှိ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.