လှိုင်သာယာ၌ လူရမ်းကားနှစ်ဦးက YBS(20))ပေါ် တုတ်ကိုင်တက်ကာ ယာဉ်မောင်းထံမှ အရက်ဖိုးတောင်း၍ မရသောကြောင့် ခရီးသည်များ၏ ယာဉ်စီးခများ ယူဆောင်


ရန်ကုန် သြဂုတ် ၂၃

လှိုင်သာယာမြို့နယ်၌ သြဂုတ် ၂၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ကမီးခွက်ဈေး မီးပွိုင့် မှတ်တိုင်မှတက်လာသော အရက်မူး၍ တုတ်ကိုင်ထားသည့် လူရမ်းကားနှစ်ဦးကYBS(20) ယာဉ်မောင်းထံမှ ငွေတောင်းရာ ငွေကိုင်ခွင့်မရှိသော ယာဉ်မောင်းထံမှ ငွေမရသောကြောင့် ခရီးသည်များ၏ ယာဉ်စီးခငွေများကို တောင်းယူ၍ ကြမ်းတမ်းစွာ ပြောဆိုကာ ရုံးထိပ်မှတ်တိုင်တွင် နှစ်ဦးစလုံးဆင်းသွား ကြကြောင်း သိရသည်။

''YBS ယာဉ်မောင်းက ယာဉ်လိုင်းတာဝန်ခံကို အကြောင်းကြားတယ်။ မီးခွက်ဈေးမှတ်တိုင်မှာ လူနှစ်ဦးဝါးလုံးကိုင်တက်လာပြီး ငွေပေးဖို့တောင်းတယ်။ ယာဉ်မောင်းကငွေမကိုင်ရတဲ့အတွက် မပေးနိုင်ကြောင်းပြောတော့ ခရီးသည် တွေဆီက ယာဉ်စီးခကိုတောင်းယူတယ်။ နှစ်ဦးစလုံး အရက်မူးနေကြတာ။ ယာဉ်စီးခသေတ္တာ ပုံးဖွင့်ပေးဖို့ပြောပေမယ့် သော့မရှိကြောင်းပြောလို့ ငွေပါမသွားဘူး။ မီးခွက် ဈေးမှတ်တိုင်ကတက်ပြီး နှစ်မှတ်တိုင်မြောက် ရုံးထိပ်မှတ်တိုင်မှာတက်လာတဲ့ ခရီးသည်တွေဆီက ယာဉ်စီးခဆွဲယူပြီးဆင်းသွားတယ်။ အဓိကအရက်ဖိုးတောင်းတာ။ YRT ကို ထူးခြားဖြစ်စဉ်အဖြစ် တင်ထားပါတယ်။ ဒီနေ့ ညနေ ၄ နာရီ ရဲစခန်းမှာ အမှုဖွင့်ပါတယ်''ဟုYBS(20)ယာဉ်လိုင်းရုံးအဖွဲ့မှူး ဦးမောင်လွင်က ယနေ့ ညနေပိုင်းတွင် ပြောသည်။

ယာဉ်နောက်လိုက်မပါ ယာဉ်စီးခပုံးအတွင်းထည့်သောစနစ်ဖြင့် ပြေးဆွဲနေသည့် YBS(20)ယာဉ်လိုင်းမှာ လှိုင်သာယာမြို့နယ်နေ ပြည်သူတို့ စိတ်အေးချမ်းသာစွာ ဖြင့် သွားလာခွင့်ရသော ယာဉ်လိုင်းအဖြစ် အသိအမှတ်ပြုထားပြီး ခရီးသွားပြည်သူတို့ မှာ ယခုလိုလူရမ်းကားပုံစံဖြင့် ယာဉ်ပေါ်တက်၍ ငွေတောင်းယူမှုအပေါ် စိုးရိမ်လာ ကြကြောင်း အဆိုပါယာဉ်ပေါ်တွင်လိုက်ပါလာသော ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။

''မီးခွက်ဈေးမှတ်တိုင်မှာအရက်မူးနေတဲ့ လူနှစ်ယောက်တက်လာပြီး ပထမ ဘော်ဒါကြေးတောင်းတယ်။ ပြီးတော့ယာဉ်စီးခသေတ္တာကို ဖွင့်ခိုင်းတယ်။ သော့မရှိ လို့ ရုံးက သော့ကိုင်ထားကြောင်းပြောတဲ့အခါမှာ ခရီးသည်တွေ ဆီက ယာဉ်စီးခတွေယူ သွားတယ်။ ခရီးသည်တွေတစ်ဦးမှ မပြောရဲဘူး။ ကားပေါ်မှာ ကိုယ်ဝန်နဲ့ ကျွန်တော့် ဇနီးလည်းပါလာတော့ ကျွန်တော်လည်း မလှုပ်ရဲဘူးဖြစ်နေတယ်။ ကားပေါ်နှစ်ယောက် တက်လာကတည်းက ဝါးလုံးရမ်းပြီး ဆဲဆိုတက်လာတာ။ လှိုင်သာယာမှာက ညပိုင်း ဆိုရင် လမ်းပေါ်အောက်ဆိုက်ယာဉ်တွေကို ကြောက်ရတဲ့အပြင် မူးရူးတဲ့သူတွေကို လည်းရှောင်ရတယ်။ ယာဉ်မောင်းတွေဘဝလည်း မလုံခြုံဘူး''ဟု ယာဉ်မောင်းက ပြောသည်။


ယနေ့ညနေတွင် လှိုင်သာယာ ကုန်တင်ယာဉ်ရပ်နားကွင်း အတွင်းရှိ YBS(20)) ယာဉ် လိုင်းမှ ရုံးအဖွဲ့မှူးနှင့် ယာဉ်လိုင်းကြီးကြပ်သူတို့က မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရမ်းကားခဲ့သူ ရန်ရှင်း(၂၁နှစ်)နှင့် သီဟစိုး အသက် (၃ဝနှစ်) တို့နှစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်းနှင့် ဖေ့စ်ဘုတ်ခ် YBS(20) အကောင့်တွင် ယင်းဖြစ်စဉ်အား တင်ထားကြောင်း သိရသည်။

သန်းထိုက်(လှိုင်သာယာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လှိုင်သာယာ၌ လူရမ်းကားနှစ်ဦးက YBS(20))ပေါ် တုတ်ကိုင်တက်ကာ ယာဉ်မောင်းထံမှ အရက်ဖိုးတောင်း၍ မရသောကြောင့် ခရီးသည်များ၏ ယာဉ်စီးခများ ယူဆောင် လှိုင်သာယာ၌ လူရမ်းကားနှစ်ဦးက YBS(20))ပေါ် တုတ်ကိုင်တက်ကာ ယာဉ်မောင်းထံမှ အရက်ဖိုးတောင်း၍ မရသောကြောင့် ခရီးသည်များ၏ ယာဉ်စီးခများ ယူဆောင် Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.