သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်တို့ မိုင်းရှူးမြို့နယ်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်


ဩဂတ်စ် ၂၂ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် နှင့် အစိုးရ တပ်မတော်တို့အကြား ယနေ့ ညနေပိုင်းက ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြော သည်။

ဩဂတ်စ် ၂၂ ရက် ညနေ ၄ နာရီခန့်က မိုင်းရှူးမြို့တောင်ဘက် မိုင်းရှူး နှင့် မိုင်းစံမြို့ အကြား လှုပ်ရှားသည့် အစိုးရတပ်မတော် မိုင်းပန် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၂၀ စစ်ကြောင်း တခု က ဒေသအတွင်း နေထိုင်သည့် သျှမ်းပြည်တပ်မတော် စစ်ကြောင်း နှင့် မိနစ် ၂၀ ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“အဲဒီ့ဒေသ ဘက်မှာ ကျနော်တို့ တပ်စခန်း ရှိတယ်။ အစိုးရ တပ်မတော် ခမရ ၅၂၀ နဲ့ ၅၂၁ ပူးစစ် ကြောင်း အင်အား ၈၀ လောက်က ကျနော်တို့ တပ်စခန်း ရှိရာဘက်ကို ချဉ်းကပ်လှုပ်ရှား လို့ ကျနော်တို့ တပ်ဖွဲ့ နဲ့ ရုတ်တရက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားတာပါ ” - ဟု သျှမ်းပြည်တပ်မတော် ပြောရေး ဆိုခွင့်ရှိသူ စိုင်းဘုန်းဟန် က ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွား သည့် နေရာသည် မိုင်းရှူး - မိုင်းစံ ကြား ပန်ခန်ကျေးရွာ အနီး တွင်ဖြစ်ပြီး တိုက်ပွဲကြောင့် နှစ်ဘက် ထိခိုက်မှု ရှိသည်ဟု ဆိုသည်။

“အရင်တုန်းကတော့ တိုက်ပွဲဖြစ်ရင် စစ်ကြောင်း သွားလာမှုက အရမ်းများတယ်။ ဒီမိုင်းရှူး မှာတော့ အေးဆေးပါဘဲ။ ဒီညဦးပိုင်းလောက်အထိတော့။ တိုက်ပွဲတော့ ဆက်မဖြစ်စေချင်ဘူး။ ဖြစ်မှာ ကိုလဲ တအားကြောက်တယ်။ တိုက်ပွဲမဖြစ်စေချင်ဘူး” - ဟု မိုင်းရှူးမြို့ခံ သားသည်မိခင် နန်းစိန်က ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသသည် ယခုနှစ် ၂၀၁၇ နှစ်ဦးပိုင်းကလည်း နှစ်ဘက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်ကလည်း နှစ်ဘက်အကျ အဆုံးများခဲ့သည်။

ယနေ့ တိုက်ပွဲ ဖြစ်ပွား ချိန် တွင် သံလွင်အရှေ့ပိုင်း UWSA ၀ ဌာနချုပ် ပန်ဆန်းမြို့ ၌ သျှမ်းပြည် တပ်မတော် SSPP/SSA အပါ အဝင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင် ၇ ဖွဲ့မှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ ဝင် ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးသည့် အချိန် နှင့် လည်း တိုက်နေသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်တို့ မိုင်းရှူးမြို့နယ်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်တို့ မိုင်းရှူးမြို့နယ်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 03:43 Rating: 5
Powered by Blogger.