မြန်မာ Squash အားကစားသမား ၂ ဦး ကားမတော်တဆမှုကြောင့် ကစားခွင့်မရ

မြန်မာ Squash အားကစားသမားတွေကို ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး တွေ့ရစဉ်။ Photo: မြန်မာဘောလုံး ချစ်ပရိသတ်များ - MFFG
မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ Squash အားကစားပြိုင်ပွဲဝင် မြန်မာအသင်းလိုက်ပါလာတဲ့ ကားဟာ ဒီနေ့ မနက်ပိုင်းက ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ အတွက် ထိခိုက်ဒဏ်ရာရမှုများခဲ့ပြီး မြန်မာအမျိုးသမီးလက်ရွေးစင် ကစားသမားနှစ်ဦးကို ဒဏ်ရာအခြေ အနေကြောင့် ဆက်ကစားခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

မြန်မာ၊ ထိုင်းနဲ့ ဖီလစ်ပိုင် လက်ရွေးစင် Squash အားကစားသမားတွေဟာ ပြိုင်ပွဲကျင်းပတဲ့ မလေးရှားနိုင်ငံ ဘူခက်ဂျာလီ အမျိုးသား အားကစားရုံကို အသွားမှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာလို့ အားကစားနဲ့ ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီယာဉ်ပေါ်မှာ ပါသွားတဲ့ မြန်မာ အားကစားသမား ၈ ဦးနဲ့ နည်းပြ၊ အသင်းအုပ်ချုပ်သူ နှစ်ဦး စုစုပေါင်း ၁၀ ဦးလုံးထိခိုက်မှုရှိခဲ့ပေမယ့် ကစားသမား မအိအိပြုံးနဲ့ မအေးအေးသင်းတို့ နှစ်ဦးကိုတော့ ဒဏ်ရာကြောင့် ဆက်ကစားခွင့်မပြုတော့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် မအေးအေးသင်းကတော့ လည်ပင်း၊ ဘယ်ဘယ်ခြေထောက်နဲ့ ဒူးမှာ ထိခိုက် ဒဏ်ရာရခဲ့ပြီး မအိအိပြုံးကတော့ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သူကပြောပါတယ်။

မြန်မာအသင်းက နည်းပြနဲ့ အားကစားသမားတွေအပါအ၀င် ၁၀ ဦး၊ ထိုင်း ၁၃ ဦး နဲ့ ဖိလစ်ပိုင် လက်ရွေးစင် ၅ ဦးပါဝင်တဲ့ Squash အားကစားသမားတွေဟာ ပြိုင်ပွဲကျင်းပတဲ့ ဘူခက်ဂျာလီ အားကစားအမျိုးသား အားကစားရုံကို အသွားမှာ အရှေ့က ကားတစီးကို ၀င်တိုက်မိတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း Squash  အမျိုးသမီးနှစ်ယောက်ပြိုင်ပွဲမှာ မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။ ဒီလိုထိခိုက်ဒဏ်ရာရမှုတွေကြောင့် မနက်ပိုင်းမှာ ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး ညနေပိုင်းမှာတော့ တချို့ပွဲစဉ်တွေ ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီယာဉ်ပေါ်မှာပါတဲ့ ထိုင်းနဲ့ ဖီလစ်ပိုင်နိုင်ငံက အားကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာ အခြေအနေကိုတော့ မသိရသေးဘူးလို့ အားကစားနှင့်ကာယပညာ ဦးစီးဌာန ကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြန်မာ Squash အားကစားသမား ၂ ဦး ကားမတော်တဆမှုကြောင့် ကစားခွင့်မရ မြန်မာ Squash အားကစားသမား ၂ ဦး ကားမတော်တဆမှုကြောင့် ကစားခွင့်မရ Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.