NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ဈာပနအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြု

NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ဈာပနအခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ- NLD+BoBo)
    ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြုပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ရွှေအတွက် ဂုဏ်ပြုစကားကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဝေးသုသာန်တွင် ပြောကြားခဲ့ရာ ဦးအောင်ရွှေကို ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဂုဏ်ပြုခြင်းထက် ဗိုလ်ချုပ်တစ်ဦးအဖြစ်၊ သံအမတ်ကြီးတစ်ဦးအဖြစ် ဂုဏ်ပြုပြီး ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်ကြီး တစ်ဦးအဖြစ် ဂုဏ်ပြုကြောင်း၊ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ထူထောင်မည်ဆိုသည့် သန္နိဠာန်နှင့် ဂုဏ်ပြုခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


“ ဘဘဦးအောင်ရွှေရဲ့စိတ်ဓာတ်ဟာ ဒီမိုကရေစီရရှိရေး၊ ဒီနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်ရေးအတွက် မားမားမတ်မတ်ရှိခဲ့တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ ဦးအောင်ရွှေ ဈာပနသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်များ လာရောက် ဂါဝရပြု ပို့ဆောင်ပေးကြသည်။

ဦးအောင်ရွှေသည် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၉နာရီ၃၆မိနစ်တွင် ၀ိတိုရိယ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၁နှစ်ရှိပြီဖြစ်သည်။

ဦးအောင်ရွှေ သည် သံအမတ်ကြီး (အငြိမ်းစား)၊ ဗိုလ်မှူးချုပ်ဟောင်း(Bc – 3505)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( ဥက္ကဋ္ဌ ) ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊နိုင်ငံ ဂုဏ်ရည် ပထမအဆင့်၊စည်သူ၊သရေစည်သူ စသည့် ဘွဲ့များ ချီးမြှင့်ခံထားရသူဖြစ်သည်။

(Xinhua)
http://xinhuamyanmar.com
NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ဈာပနအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြု NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ဈာပနအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြု Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.