NLD အမတ် ငွေကြေးတောင်းခံမှု စွပ်စွဲချက်နဲ့ အတိုင်ခံရ

ရခိုင်ပြည်နယ်လွှတ်တော်
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တဦးကို လယ်ယာမြေပိုင်ဆိုင်မှု နဲ့ ပတ်သက်ပြီးငွေကြေးတောင်းယူတဲ့ အပေါ် အရေးယူပေးဖို့ ကာယကံရှင် ၂ ဦးက ပြည်နယ်အစိုးရကို တိုင်ကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီ ကမ်းခြေအနီးမှာရှိတဲ့ လင်းသာ ရပ်ကွက်က မြေ (၁၃)ဧကကို လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ (၇) အထောက်အထား ရဖို့ သံတွဲမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းနိုင်ကို ငွေကျပ်သိန်း ၁၃၀ ပေးခဲ့ရတယ်ဆိုပြီးတော့ ဒီမြေပေါ်မှာ လုပ်ကိုင်စားသောက်နေသူ ၂ ဦးက တိုင်ကြားခဲ့တာပါ။

ရခိုင် ပြည်နယ်အစိုးရကို လိပ်မူထားတဲ့ တိုင်ကြားစာမှာ တိုင်ကြားသူတွေက လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားပုံစံ (၇) ပေးဖို့ မြေစာရင်းဌာနကို တောင်းခံရာမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ကန့်ကွက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘီဘီစီက ဦးဝင်းနိုင်ကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အာဏာကို အသုံးချပြီး ကန့်ကွက်တာ၊ ငွေကြေး တောင်းခံခဲ့တာမျိုး မဟုတ်ဘဲ၊ ဒီလယ်ယာမြေတွေဟာ သူ့ရဲ့ ဘိုးဘွား အစဉ်အဆက် ပိုင်ဆိုင်လာခဲ့တဲ့ မြေ ဖြစ်တဲ့ အတွက် တောင်သူတွေအနေနဲ့ မြေပိုင်ဆိုင်မှု အထောက်အထား ရယူတာကို ကန့်ကွက်ခဲ့တယ်လို့ ဖြေရှင်းပါတယ်။

တောင်သူတွေနဲ့ ထိုက်သင့်တဲ့ ငွေကြေး ညှိနှိုင်းပြီးလို့ အဲဒီ ကန့်ကွက်စာကိုလည်း ပြန်လည် ရုပ်သိမ်းပေးခဲ့တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဒါပေမယ့် ဒီမြေတွေဟာ ဘိုးဘွားအစဉ်အဆက် လွှဲပြောင်းရယူလာခဲ့တာ ဖြစ်လို့ သူ့ဆီမှာလည်း တရားဝင် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေတော့ မရှိဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အနေနဲ့တော့ ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးမင်းအောင်က ပြောပါတယ်။ ရုံးလုပ်ထုံး လုပ်နည်းအရ အဆင့်အဆင့် ဆွေးနွေးပြီး တိုင်ကြားခံရသူက လွှတ်တော် အမတ်ဖြစ်နေလို့ ပြည်နယ်လွှတ်တော်နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုပါတယ်။

ဝန်ကြီးချုပ်တွေ ပြည်နယ်အစိုးရဝန်ကြီးတွေ လွှတ်တော်အမတ်တွေပါတဲ့ အန်န်အယ်လ်ဒီပါတီဝင်တွေကို တိုင်ကြားထားတဲ့ တိုင်ကြားစာ ၄၀ဝ လောက်ရှိပြီး ဒီထဲက တဝက်လောက်ကို စိစစ်ပြီး ဖြစ်ပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ကိုသာ အရေးယူပြီး ဖြစ်တယ်လို့ တိုင်ကြားစာကော်မတီဥက္ကဌ ဒေါက်တာမျိုးညွန့်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဘီဘီစီကို ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
NLD အမတ် ငွေကြေးတောင်းခံမှု စွပ်စွဲချက်နဲ့ အတိုင်ခံရ NLD အမတ် ငွေကြေးတောင်းခံမှု စွပ်စွဲချက်နဲ့ အတိုင်ခံရ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.