၈၈ မျိုးဆက် အင်အားစုတွေ NLD ပါတီထဲဝင်

NLD ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ကျင်းပစဉ်။ Photo: Kayah Gyi
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင် ၁၀၀နဲ့ မျိုးဆက်သစ်လူငယ်တွေ၊ စိတ်ပါဝင်စား သူတွေ စုစုပေါင်း အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေအဖြစ် ဒီကနေ့ အဆိုပြုလွှာ တင်လိုက်ကြပါတယ်။

NLD ပါတီထဲဝင်မှ ပြည်နယ်အတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ ယူဆတဲ့အတွက် ပါတီထဲဝင်ဖြစ်တာလို့ ကယားပြည်နယ် ၈၈ မျိုးဆက် အင်အားစုရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုသက်နောင်ထွန်း က ပြောပါတယ်။

" ရန်ကုန်မှာက တတိယပါတီထောင်မယ်လုပ်တယ်၊ ဒီမှာက ဘာဖြစ်လို့ NLD နဲ့ ပေါင်းကြသလဲ အဲလိုမေးခွန်းတွေ မေးပါတယ်၊ ကျနော်တို့က ရှိတာမှ ဒီလူတွေလေ၊ အဲဒါကြောင့်မို့လို့ ကိုယ့်အချင်းချင်း ပေါင်းပြီးတော့ လုပ်တာပေါ့နော်၊ အဲလိုမျိုး နေရာဒေသချင်း မတူကြဘူး၊ လက်ရှိ NLD ပါတီထဲကိုဝင်ပြီး လုပ်မှပဲ ထဲထဲဝင်ဝင်နဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ယူဆတယ်လေ၊ ပြီးတော့ ပြည်နယ်အတွက် လည်း ထိထိရောက်ရောက် လုပ်ချင်တယ်လေ၊ အဲဒါနဲ့ ဆန္ဒတွေတူညီစွာနဲ့ပဲ ပါတီထဲကို ၀င်ဖြစ်တာပါ"

လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ တတိယပါတီကိုတည်ထောင်ရင် အကွဲကွဲအပြဲပြဲ ဖြစ်နေမှာ စိုးရိမ်တာကြောင့် ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အများစုက အခုလို NLD ပါတီထဲဝင်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့လည်း ကိုသက်နောင်ထွန်း က ပြောပါတယ်။

NLD ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်ပွဲကို လွိုင်ကော်မြို့မြို့နယ်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။အဲ့ဒီပွဲကို NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဒေါက်တာမေဝင်းမြင့် တက်ရောက်ခဲ့ပါတယ်။

ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက် ပွဲတွေမှာလည်း NLD ပါတီကို ၀န်းရံခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ဟာ နိုင်ငံရေး ပါတီ ထူထောင်ဖို့ အတွက် ပြင်ဆင်နေပါတယ်။

အဲဒီ နိုင်ငံရေးပါတီ ဖွဲ့စည်းဖို့အတွက် နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဒီနှစ်ကုန်လောက်မှာ ပါတီ မှတ်ပုံတင်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
၈၈ မျိုးဆက် အင်အားစုတွေ NLD ပါတီထဲဝင် ၈၈ မျိုးဆက် အင်အားစုတွေ NLD ပါတီထဲဝင် Reviewed by THITHTOOLWIN on 16:23 Rating: 5
Powered by Blogger.