တနင်္သာရီမှာ H5N1 ကင်းစင်တဲ့အတွက် ပိတ်ပင်ထားတာတွေ ရုပ်သိမ်း

ကြက်မွေးမြူရေး ခြံတစ်ခုကို တွေ့ရစဉ်။ Photo:RFA
ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကြောင့် တနသာင်္ရီတိုင်းအတွင်း ကြက်ဥ/ကြက်သား ရောင်းဝယ်ဖောက်ကား မှုတွေကို ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

စောင့်ကြည့်ကာလ ၂၁ ရက်အတွင်းမှာ ရောဂါလက္ခဏာ ထပ်မတွေ့တာကြောင့် သြဂုတ်လ ၂၄ ရက် နေ့က ရုတ်သိမ်းလိုက်တာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဟိုပင် က ပြောပါတယ်။

"အကြိမ်ကြိမ် ကျနော်တို့ ကွင်းဆင်းပါတယ်၊ လေ့လာပါတယ်၊ စောင့်ကြည့်ပါတယ်၊ ဒါပေမဲ့ အဲဒီ H5N1 လက္ခဏာ စောင့်ကြည့်ကာလ ၂၁ ရက်အတွင်းမှာ ထပ်မတွေ့တော့တဲ့အတွက် ၂၁ ရက်ပြည့်တဲ့ နေ့ပေါ့လေ၊ ၂၄ ရက်နေ့က စပြီးတော့ ကြက်ဥ/ကြက်သား အရောင်းပိတ်ထား တာ ပြန်ပြီးတော့ ရုတ်သိမ်းလိုက်ပါတယ်"

ထားဝယ်ခရိုင်မှာ H5N1 ရောဂါလို့ အတည်ပြုလို့ရတဲ့နေ့ သြဂုတ်လ ၃ ရက်နေ့ကစပြီး စောင့်ကြည့်ကာလ အဖြစ် ၂၁ ရက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ဥ/ကြက်သား ရောင်းဝယ်ဖောက်ကားမှုတွေကို တနင်္သာရီ တတိုင်းလုံး အတိုင်းအတာနဲ့ ပိတ်ပင်ထားခဲ့ပေမယ့် ထားဝယ်ခရိုင် တစ်ခုထဲမှာသာ H5N1 ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ထားဝယ်ခရိုင်အတွင်း ကြက်ခြံ ၈ ခြံ လောက်က ကြက်အကောင်ရေ ၃ သောင်းကျော် သုတ်သင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ထားဝယ်မြို့နယ်အတွင်းက မွေးမြူရေးသမားတွေရဲ့ ဆုံးရှုံးမှုတွေအတွက် တစ်စုံတရာကူညီမှု ရရှိအောင် နိုင်ငံတော်သမ္မတထံ တင်ပြသွားမယ်လို့လည်း သိရပါတယ်။

အဲဒီအတွက် ဆုံးရှုံးမှုအရေအတွက် အတိအကျနဲ့ တန်ဖိုးငွေအတိအကျ စာရင်းတွေကို စောင့်ဆိုင်းနေပြီး ရရှိလာတာနဲ့ သမ္မတဆီကို တင်ပြသွားမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တနင်္သာရီမှာ H5N1 ကင်းစင်တဲ့အတွက် ပိတ်ပင်ထားတာတွေ ရုပ်သိမ်း တနင်္သာရီမှာ H5N1 ကင်းစင်တဲ့အတွက် ပိတ်ပင်ထားတာတွေ ရုပ်သိမ်း Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.