တောင်ကြီးမြို့၌ H1N1 လူနာ ၄ ဦး စစ်ဆေးတွေ့ရှိ ပြည်နယ်ကျန်းမာရေးမှူးအတည်ပြု

ဓါတ်ပုံ - သျှမ်းပြည်နယ် ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇော်ဝင်းလှိုင်
သြဂတ်စ် ၉ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့၌ H1N1အမျိုးအစား တုပ်ကွေးကပ်ရောဂါ လူနာ ၄ ဦးစစ်ဆေးတွေ့ရှိပြီး ရောဂါလက္ခဏာသံသယရှိသည်ဟုထင်ရသည့် လူနာ ၃ ဦးတွေ့ရှိကြောင်း သျှမ်းပြည်နယ် ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇော်ဝင်းလှိုင် က အတည်ပြု ပြောဆိုခဲ့သည်။

သြဂတ်စ် ၉ ရက်နေ့၏ စာရင်းအရ H1N1 ရောဂါ လက္ခဏာရှိသူ ၄ ဦးသည် ကလောမြို့နယ် ထဲမှ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ၊ ၅ နှစ်အရွယ် မိန်းကလေး တဦး ၊ ၃၇ နှစ် အရွယ် အမျိုးသား တဦး တို့ ဖြစ်ပြီး တောင်ကြီးမြို့နယ်ထဲကမူ ဘုရားဖြူ ရပ်ကွက်တွင် ၃ နှစ်အရွယ် မိန်းကလေးငယ်လေး တဦးတို့ ဖြစ်ကြောင်းသျှမ်းပြည်နယ် ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇော်ဝင်းလှိုင် ကပြောသည်။

တောင်ကြီးမြို့မှာH1N1 အမျိုးအစား ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါကိုသြဂတ်စ် ၄ ရက်နေ့က စတင်ပြီး ၅ နှစ်အရွယ် မိန်းကလေး မှ ရောဂါလက္ခဏာစတင်တွေ့ရှိကြောင်းသိရသည်။

“H1N1 ရောဂါ လက္ခဏာစစ်ဆေးတွေ့ရှိတဲ့ ၅ နှစ် အရွယ် ကလေးမလေးကဒီနေ့ အခြေနေတော့ သက်သာလာပြီ၊ ဘုရားဖြူထဲက ၃ နှစ် အရွယ် မိန်းကလေးကတော့ ဒီနေ့ထိအောက်စီဂျင် ပေးနေရတုန်းဘဲ။ ဆေးရုံစစရောက်ခြင်းထက်စာရင် နည်းနည်းသက်သာလာတယ်၊ ၃၇ နှစ်အရွယ် အမျိုးသားလည်းသက်သာလာပါပြီ” ဟု ၄င်းကပြောသည်။

H1N1 ရောဂါလက္ခဏာစစ်ဆေးတွေ့ရှိသည့် အမျိုးသားလူနာကို တောင်ကြီးစဝ်စံထွန်းဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသပေးပြီး ကိုယ်ဝန်ဆောင် မိခင်နှင့်မိန်းကလေး နှစ်ဦး ကိုအမျိုးသမီး နှင့် ကလေးအထူးကုဆေးရုံကြီးရှိအထူးကြပ်မတ်ကုသဆောင် တွင် ဆေးကုသ မှုပေးနေကြောင်းဆိုပါသည်။

“ကိုယ်ဝန်ဆောင် မိခင် အမျိုးသမီးအခြေနေကတော့ ကိုယ်ဝန်နဲ့ဆိုတော့ မနေ့ညနေ့ကဘဲ အမျိုးသမီး ကလေးဆေးရုံကြီးကိုဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီး ကိုဗိုက်ခွဲမွေးပေးလိုက်တယ်။ ကလေးကတော့ နေ့မစေ့ လမစေ့ ဖြစ်နေတော့ လောလော ဆယ်မှာတော့ မွေးကင်းစကလေးဆောင်မှာ အထူးကြပ်မတ် ကုသခန်းထဲမှာ ထည့်ထားတယ် ၊ အမေကိုတော့ သီးသန့်နေရာမှာထားပြီးတော့ ကုသမှုပေးနေတယ် ” ဟု ဒေါက်တာ စိုင်းဇော်ဝင်းလှိုင် ကပြောသည်။

သံသယရှိလူနာ ၃ ဦးသည်လည်း အမျိုးသမီးတစ်ဦး နှင့် မိန်းကလေးငယ်တွေဖြစ်ကြောင်းသိရ သည်။

အဆိုပါ ရောဂါများသည် ပုံမှန်ရာသီဥတုအကူးအပြောင်းတွင် ဖြစ်လေ့ရှိသည့် တုပ်ကွေးလက္ခဏာ ဖြစ်ပြီး ရောဂါ လက္ခဏာမှာ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ လည်ချောင်း နာခြင်း၊နှာရည်ယို နှာစေးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊မောပမ်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် ပြင်းထန်ပါက သတိမေ့မြောခြင်း ဖြစ်တတ်ကြောင်း သိရသည်။

ရောဂါမပြန့်ပွားအောင် ကာကွယ်ဆေး နှင့် ကုသဆေးများထိရောက်မှုမရှိဘဲ ဆေးဝါးမပါသည့် ကာကွယ်ရေးလုပ်ငန်းမှာ နှာခေါင်းကို လက်ကိုင်ပုဝါအုပ်ထားတာ၊ လက်မကြာခဏ ဆေးရကြောတာ၊ လူစုလူဝေးရှောင်ရှားတာ၊ ရောဂါဖြစ်နေတဲ့လူနဲ့ အနည်းဆုံး ၆ ပေအကွာမှာ နေရခြင်း နှင့် အာဟာရပြည့်ဝအောင်စားသုံးသင့်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် H1N1 ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပွားသူ ၂၀၀၉ ခုနှစ်တွင် ၁၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်တွင်၂၃၂ ယောက်၊ ၂၀၁၂ မှာ ၂၉ ယောက်၊ ၂၀၁၄ တွင် ၁၆၇ ယောက်နှင့် ၂၀၁၆ ခုနှစ်မှာ ၉ ယောက် ဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် လက်ရှိအချိန်အထိ ဖြစ်ပွါးနေသူ ၁၆၆ ဦး၊ သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနကထုတ်ပြန်ချက်အရ သိရသည်။

သျှမ်းသံတော်ဆင့်၊ ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese
တောင်ကြီးမြို့၌ H1N1 လူနာ ၄ ဦး စစ်ဆေးတွေ့ရှိ ပြည်နယ်ကျန်းမာရေးမှူးအတည်ပြု တောင်ကြီးမြို့၌ H1N1 လူနာ ၄ ဦး စစ်ဆေးတွေ့ရှိ ပြည်နယ်ကျန်းမာရေးမှူးအတည်ပြု Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.