မြန်မာ့ပဲဈေးကွက် အထိနာ

နိုင်ငံခြားကိုတင်ပို့ရောင်းချမယ့် မြန်မာ့ပဲတစ်မျိုးကို တွေ့ရစဉ်။ Photo: RFA
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ပဲဝယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက် အထိနာခဲ့ရပြီး ပဲအမျိုးမျိုးကို ဈေးနှိမ်ဝယ်ယူရောင်းချတာတွေ မဖြစ်စေဖို့အတွက် ရန်ကုန်ဈေးကွက်အပါအ၀င် တစ်နိုင်ငံလုံးမှာ ပဲအရောင်းအ၀ယ်တွေကို ယာယီရပ်နားထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိပဲဈေးကွက်ဟာ အိန္ဒိယနိုင်ငံက ၀ယ်ယူမှု ကန့်သတ်လိုက်တဲ့အပေါ် မေးမြန်းရာမှာ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုဥက္ကဌ ဦးစိုင်းဘဥာဏ်က ပြောတာဖြစ်ပါတယ်။

"ပြည်တွင်းပဲဈေးကွက်အခြေအနေက အခုပဲတွေကအကုန်လုံးပို့ကုန်က အိန္ဒိယကိုပို့တဲ့ ကုန်တွေဖြစ်နေတော့ အိန္ဒိယကပဲအ၀ယ် Import တွေရပ်ထားတယ်၊ ရပ်ထားတော့ ဒီမြန်မာပြည်မှာရှိတဲ့ အိန္ဒိယကိုပို့တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတွေက အကုန်လုံးဈေးကွက်တွေက မရှိဘူး ပျောက်နေတာပေါ့၊ ပဲဈေးကျမှာကြောက်လို့ ကုန်စည်ဒိုင်ကလည်း အဲ့ဒါကို ပဲဈေးအရောင်းအ၀ယ် မလုပ်ဘဲနဲ့ ခဏရပ်ထားတယ် ၊ဘာလို့လဲဆိုတော့ တချို့က လန့်ပြီး ကြောက်ပြီး တအားရောင်းရင် ဈေးကွက်တွေ ဒီထက်ပြိုဆင်းသွား မှာကြောက်လို့ "

မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲံ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ဟာ အိန္ဒိယနိုင်ငံဈေးကွက်ကို အဓိကထားတင်ပို့နေရ တာဖြစ်ပြီး အရင်က တစ်နှစ်ကို တန်ချိန်(၁)သန်းခွဲအထိ တင်ပို့နေရတာဖြစ်ပါတယ်။ ဒီလထဲမှာ ပဲစင်းငုံတန်ချိန်၂ သိန်း၊ ပဲတီစိမ်းနဲ့ မတ်ပဲ တန်ချိန် ၃ သိန်းသာ ၀ယ်ယူတော့မယ်လို့ အိန္ဒိယနိုင်ငံက ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ၀ယ်ယူမှု မကန့်သတ်ခင်က အခုနှစ်စပိုင်းမှာ မတ်ပဲသုံးတင်းကို ကျပ် တစ်သိန်းနှစ်သောင်းရှိခဲ့ရာ ကနေ အခုခါမှာတော့ ကျပ် ရှစ်သောင်းဝန်းကျင်သာ ရှိတော့တာဖြစ်တယ်လို့ ဦးစိုင်းဘဥာဏ်က ပြောပါတယ်။

လက်ရှိအချိန်မှာ ပဲကုန်သည်တွေရဲ့ လက်ထဲမှာ ပဲတွေစုဆောင်းထားတာကြောင့် အရှုံးပေါ်နေသလို တောင်သူတွေ အနေနဲ့လည်း လာမယ့် အောက်တိုဘာလမှာ ပဲစင်းငုံအသစ်တွေ ထွက်လာဖို့ရှိလို့ ရောင်းစရာ ဈေးကွက်ပျောက် မယ့် အခြေအနေကြောင့် စိုးရိမ်မှုတွေရှိနေကြတယ်လို့ ပြောပါတယ်။

အခုလို အိန္ဒိယနိုင်ငံက ပဲဝယ်ယူမှုကန့်သတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက်ဆောင် ရွက်မယ့် လုပ်ငန်းစဉ်တွေချမှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ပဲကုန်စည်ဒိုင်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ မနက်ဖြန် သြဂုတ်လ ၂၅ ရက်နေ့ နေပြည်တော်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြန်မာ့ပဲဈေးကွက် အထိနာ မြန်မာ့ပဲဈေးကွက် အထိနာ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.