အရက်မူးပြီး မောင်းလာသည့်ယာဉ်မှ ဝင်တိုက်မှုကြောင့် တာဝန်ဆောင်ရွက်နေတဲ့ ကမာရွတ်မြို့မ ရဲစခန်းမှူး သေဆုံး

အရက်မူးပြီး အန္တရာယ်ဖြစ်အောင် ယာဉ်မဆင်မချင်မောင်းနှင်မှုကြောင့် တာဝန်ဆောင်ရွက်နေသော ကမာရွတ်မြို့မရဲစခန်းမှူးအား မော်တော်ယာဉ်ဖြင့် တိုက်မိသေဆုံး
ရန်ကုန်၊ ဩဂုတ် ၇

အရက်မူးပြီး ဘေးအန္တရာယ်ဖြစ်အောင် မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းတစ်ဦးကြောင့် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင် ရွက်နေသော ကမာရွတ်မြို့မရဲခစန်းမှူး ဒုတိယရဲမှူး စိုးအောင်အား ဝင်တိုက်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၇.၈.၂၀၁၇ ရက်နေ့နံနက် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကမာရွတ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးစိုးအောင်သည် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေရာမှ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဓမ္မာရုံရှေ့တွင်
ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်း ဆောင်ရွက်နေစဉ် အင်းယားလမ်းမီးပ္ပိုင့်ဘက်မှ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ယာဉ်မောင်း ချမ်းမြေ့အောင် (၃၀)နှစ်မှာ အရက်အလွန်အကျွံမူးနေပြီး ယာဉ်အမှတ် 6K---Honda civic ခရမ်းပြာရောင်မော်တော်ယာဉ်ကို အရှိန်ပြင်းစွာမောင်းနှင်လာကာ ယာဉ်တိုက်မှုဖြေရှင်းဆောင်ရွက်နေသော ဒုတိယရဲမှူး စိုးအောင်အား ၀င်တိုက်ခဲ့သဖြင့် ဒုတိယရဲမှူး စိုးအောင်မှာ မော်တော်ယာဉ်နှင့်အတူ တရွတ်တိုက်ပါရှိသွားပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းယာဉ်မှာလည်း လမ်းလယ်ရှိ ကွန်ကရိတုံးများကို ဆက်လက်ဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ပါသည်။


ဒဏ်ရာရရှိသော ဒုတိယရဲမှူးစိုးအောင်အား အသက်အန္တရာယ်မဆုံးရှုံးစေရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး ကြိုးစားကုသဆောင်ရွက်ခဲ့သော်လည်း ၇.၈.၂၀၁၇ ရက်နေ့ နံနက် ၄းဝ၆ နာရီတွင် သေဆုံးသွားခဲ့ပါသည်။

စခန်းမှူး ဒုတိယရဲမှူး စိုးအောင်သည် ၉.၅.၂၀၁၇ ရက်နေ့တွင် ရဲအကြပ်သင်တန်းကျောင်း(လှော်ကား)မှ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့သို့ပြောင်းရွေ့ရောက်ရှိကာ ကမာရွတ်မြို့မရဲစခန်းမှူးတာဝန်ကို ထမ်းဆောင် နေသူတစ်ဦးဖြစ်ပါသည်။ ကမာရွတ်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်ရာတွင် ဆက်ဆံရေးပြေပြစ်သူတစ်ဦးဖြစ်ပြီး နယ်မြေခံပြည်သူများနှင့်လည်း ခင်မင်ရင်းနှီးစွာ ပေါင်းသင်းတတ်သူဖြစ်သည့်အပြင် အရက်သေစာသောက်စားမှုကင်းရှင်းကာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်သူ တစ်ဦးဖြစ်ပါသည်။


ဒုတိယရဲမှူး စိုးအောင်သည် နယ်မြေအတွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းတာဝန်များကို ညစဉ် မညည်းမငြူတာဝန် ထမ်းဆောင်သူတစ်ဦးဖြစ်ပြီး ယခုဖြစ်စဉ်မှာလည်း လှည့်ကင်းတာဝန် ဆောင်ရွက်နေရာမှ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်
ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် တာဝန်သိစိတ်ဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကူညီ ဖြေရှင်းဆောင်ရွက်ပေးနေစဉ် အရက်သေစာအလွန် အကျွံသောက်စားထားသူတစ်ဦးမှ မော်တော်ယာဉ်ကို အန္တရာယ်ဖြစ် အောင်မောင်းနှင်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့
အတွက် ရဲအရာရှိကောင်းတစ်ဦး ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါသည်။


ဒုတိယရဲမှူး စိုးအောင် ကွယ်လွန်သွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်နှင့် မိသားစုစည်းရုံးရေးကော်မတီဥက္ကဌ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ဇနီးတို့က ကျန်ရစ်သူမိသားစုအားသွားရောက်အားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က နာရေးကိစ္စအဝ၀တို့ကို
ဆောင်ရွက်ပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးမိသားစု စည်းရုံးရေးကော်မတီတို့မှ စုစုပေါင်းငွေကျပ် ၅၅ သိန်းတို့ကို ထောက်ပံ့ပေးခဲ့ပါသည်။ ဒုတိယရဲမှူး စိုးအောင်
မှာ ဇနီး ဒေါ်သင်းသင်းစိုးနှင့်အတူ သားဖြစ်သူ မြို့ပြအင်ဂျင်နီယာဘွဲ့ရတစ်ဦးနှင့် မြေးတစ်ဦးကျန်ရစ်ခဲ့သဖြင့် ကျန်ရစ်သူမိသားစု တို့၏ဘ၀ရှေ့ရေး အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် နေအိမ်၊ တိုက်ခန်း(သို့မဟုတ်)မြေကွက်တစ်ခုခုရရှိစေရန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးနိုင်ရေး တင်ပြဆောင်ရွက် ထားကြောင်း သိရပါသည်။


နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကိုလည်း အလားတူဖြစ်စဉ်ကဲ့သို့ အန္တရာယ်မဖြစ် စေရေးအတွက် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် သတိရှိရှိဖြင့်ဆောင်ရွက်ကြရန် မှာကြားထားရှိကြောင်းနှင့် မော်တော် ယာဉ်တိုက်မှု ကျူးလွန်သူ ချမ်းမြေ့အောင်၊(၃၀)နှစ်၊ (၂)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူကိုလည်း အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
အရက်မူးပြီး မောင်းလာသည့်ယာဉ်မှ ဝင်တိုက်မှုကြောင့် တာဝန်ဆောင်ရွက်နေတဲ့ ကမာရွတ်မြို့မ ရဲစခန်းမှူး သေဆုံး အရက်မူးပြီး မောင်းလာသည့်ယာဉ်မှ ဝင်တိုက်မှုကြောင့် တာဝန်ဆောင်ရွက်နေတဲ့ ကမာရွတ်မြို့မ ရဲစခန်းမှူး သေဆုံး Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.