အမျိုးသမီးတစ်ဦးအား လက်ရောက်ကျူးလွန်မှု စွပ်စွဲချက်ဖြင့် တောင်အာဖရိကဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်

ရာထူးမှ နုတ်ထွက်သွားသော တောင်အာဖရိက အဆင့်မြင့်ပညာရေး နှင့် လေ့ကျင့်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mduduzi Manana အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ပရီတိုးရီးယား ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ)

    တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mduduzi Manana သည် ပြီးခဲ့သော ရက်သတ္တပတ်က ဂျိုဟန်နစ္စဘတ်မြို့ ရှိ နိုက်ကလပ်တစ်ခု၌ အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် သြဂုတ်လ ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ရသည်။

ထိုသို့ ရာထူးမှ နုတ်ထွက်သွားသော်လည်း ၄င်းအနေဖြင့် အာဏာရ အာဖရိကန်အမျိုးသားကွန်ဂရက်(ANC) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ Manana၏ နုတ်ထွက်စာတွင် ၄င်း၏ အမူအကျင့်အတွက် နောင်တရမိပါကြောင်း နှင့် တောင်အာဖရိကနိုင်ငံသားများကို တောင်းပန်ပါကြောင်း ဖော်ပြပါရှိသည်။“ တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာရေး နှင့် လေ့ကျင့်ရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။နုတ်ထွက်စာကိုလည်း သမ္မတထံ ပေးပို့ ထားပါတယ်။ ဒါဟာ ကျွန်တော့်အတွက်  ဥပဒေပြုရေးမှာ ပိုပြီးအာရုံစိုက်နိုင်အောင် အခွင့်အရေးရမှာပါ” ဟု Manana က ၄င်း၏နုတ်ထွက်စာတွင် ရေးသားထားသည်။

ယခုကဲ့သို့ နုတ်ထွက်ရန် ဆုံးဖြတ်ရခြင်းမှာ အာဏာရ အစိုးရ နှင့် အာဏာရ ANC ပါတီ အတွက် အရှက်ရစေမည့်ကိစ္စကို ရှောင်လွှဲရန်အတွက် ဖြစ်ကြောင်း ၄င်းက ဆိုသည်။“ ကိုယ်ထိလက်ရောက်ကျူးလွန်မိတဲ့ အမျိုးသမီး နဲ့ သူ့ မိသားစုဝင်အတွက် ဖြစ်နိုင်သမျှ အကူအညီအားလုံးကို ပေးသွားမှာပါ။ ပြီးတော့ တောင်းပန်စကား ထပ်ပြောပါမယ်။ အဲဒီကိစ္စအတွက် ဥပဒေကြောင်းအရာ ကျွန်တော့်မှာ တာဝန်အပြည့်အဝ ရှိပါတယ်” ဟု ၄င်း ကဆိုသည်။တောင်အာဖရိကနိုင်ငံ သမ္မတ ဂျက်ကော့ဇူးမားက Manana၏ နုတ်ထွက်စာကို လက်ခံရရှိကြောင်း နှင့် နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ ပြင် ၄င်း၏ အစိုးရအဖွဲ့ တွင် Manana ၏ ပါဝင်လုပ်ဆောင်ချက်များအတွက် ကျေးဇူးတင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။Manana သည် အာမခံကြေး အာဖရိကငွေ ၅ဝဝဝ ရန်ဒ် ( အမေရိကန်ဒေါ်လာ ၃၈ဝ ) ဖြင့် အာမခံရထားပြီး လာမည့် စက်တင်ဘာ ၁၃ ရက်တွင် တရားရုံး၌ ၄င်းအမှုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမျိုးသမီးတစ်ဦးအား လက်ရောက်ကျူးလွန်မှု စွပ်စွဲချက်ဖြင့် တောင်အာဖရိကဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက် အမျိုးသမီးတစ်ဦးအား လက်ရောက်ကျူးလွန်မှု စွပ်စွဲချက်ဖြင့် တောင်အာဖရိကဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.