ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆီဘောက်ဆာယာဉ်နှင့် ကုန်ကားတိုက်မိပြီး မီးလောင်မှု လူနေအိမ်ခြောက်လုံး၊ ကားခုနစ်စီး မီးလောင်ဆုံးရှုံးကြောင်း ထပ်မံသိရှိရ


ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) (၂၆) ရပ်ကွက် ရွှေဝါနန်းတည်းခိုခန်းအနီး ပြည်ထောင်စု လမ်းမပေါ်၌ သြဂုတ် ၂၂ ရက် ည ၉ နာရီခွဲခန့်က ပြည်ထောင်စုလမ်းမအတိုင်း တောင်/မြောက်လမ်းဆုံဘက် သို့ မောင်းလာသော ကွန်တိန်နာ ၁ဝ ဘီးယာဉ်နှင့် ဆီဂါလန် ၄ဝဝဝ တင်ဆောင်လာသော ဆီဘောက်ဆာ ယာဉ်တို့တိုက်မိ၍ နှစ်စီးလုံးတိမ်းမှောက်သွားရာ ဆီဘောက်ဆာယာဉ်မှာ မီးလောင်ပြီး အနီးရှိလူနေအိမ် များသို့ ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့သည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ထောင်စု လမ်းမအတိုင်း ဒဂုံတောင်/မြောက်လမ်းဆုံဘက်သို့ ယာဉ်မောင်းစုံစမ်းဆဲYGN-K/----- ကွန်တိန်နာ ၁ဝ ဘီးယာဉ်သည် ရှေ့ဘက်မှ ယာဉ်မောင်း ဦးစန်းလှိုင် (၄၅)နှစ် မောင်းနှင်နေသောYGN-6K/----- ဆီဂါလန် ၄ဝဝဝ တင်ဆောင်လာသော ဆီဘောက်ဆာယာဉ်ကို သြဂုတ် ၂၂ ရက် ည ၉ နာရီခွဲခန့်က (၂၆)ရပ်ကွက် ရွှေဝါနန်း တည်းခိုခန်းအနီးအရောက်၌ နောက်မှတိုက်မိခဲ့ပြီး ယာဉ် နှစ်စီးလုံးတိမ်းမှောက်သွားကာ ဆီဘောက်ဆာယာဉ် တိမ်းမှောက်ပွတ်တိုက်မှုကြောင့်မီးလောင်ခဲ့ပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ တိုင်းဒေသကြီးမီးသတ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကြည်ဝင်းတို့ဦးဆောင်သော (Level-4)အဆင့် မီးသတ်ယာဉ် ၅၃ စီး၊ ရေသယ်ယာဉ် ရှစ်စီး၊ အထောက်အကူပြုယာဉ် ၁၁ စီး၊ မိတ်ဖက်ယာဉ် ငါးစီး၊ ကွပ်ကဲမှုယာဉ် ခုနစ်စီးတို့နှင့် သန္ဓေမီးသတ် ၄၃၉ ဦး၊ အရန်မီးသတ် ၁၄၉ ဦးတို့နှင့်အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူ များကဝိုင်းဝန်း၍ မီးသတ်ဆေးဘူးများ၊ မီးသတ်ပိုက်တို့ဖြင့် ငြှိမ်းသတ်ခဲ့ကြရာ ည ၁ဝ နာရီ ၂၈ မိနစ် တွင် မီးထိန်းနိုင်ခဲ့ ပြီး ၁ဝ နာရီ မိနစ် ၅ဝ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ တိမ်းမှောက်နေသော ဆီဘောက်ဆာအတွင်း၌ လောင်စာဆီများရှိနေသဖြင့် မီးအပူရှိန်ကြောင့် ထပ်မံ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ညလုံးပေါက်မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ပိုက်ဖြင့် ရေများအဆက်မပြတ် ပက်ဖျန်းခဲ့ကြသည်။ မီးလောင်ရာသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက လာရောက်၍ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ မီးလောင်မှုတွင် လူနေအိမ်ခြောက်လုံးနှင့် ကားခုနစ်စီးတို့ မီးလောင်ကျွမ်းခဲ့ ကာ ပြည်သူများ သေဆုံး/ထိခိုက်မှုမရှိကြောင်း သိရ ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၆၄ သိန်း ဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍YGN-K/---- (၁ဝ)ဘီး ကွန်တိန်နာယာဉ်မောင်းစုံစမ်းဆဲနှင့်YGN-6K/----ဆီဂါလန် ၄ဝဝဝ ဆံ့ ဆီဘောက်ဆာယာဉ်မောင်း ဦးစန်းလှိုင်(၄၅)နှစ်တို့ကို တောင်ဒဂုံမြို့မရဲစခန်းက ပ-၁၅၉၄၊ ပုဒ်မ ၂၇၉၊ ပုဒ်မ ၂၈၅ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

တင်ကြည်(သင်္ဃန်းကျွန်း)

The Mirror Daily
https://www.facebook.com/TheMirrorDaily/

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆီဘောက်ဆာယာဉ်နှင့် ကုန်ကားတိုက်မိပြီး မီးလောင်မှု လူနေအိမ်ခြောက်လုံး၊ ကားခုနစ်စီး မီးလောင်ဆုံးရှုံးကြောင်း ထပ်မံသိရှိရ ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆီဘောက်ဆာယာဉ်နှင့် ကုန်ကားတိုက်မိပြီး မီးလောင်မှု လူနေအိမ်ခြောက်လုံး၊ ကားခုနစ်စီး မီးလောင်ဆုံးရှုံးကြောင်း ထပ်မံသိရှိရ Reviewed by THITHTOOLWIN on 12:07 Rating: 5
Powered by Blogger.