တာချီလိတ်မြို့ ၀မ်ပုံဆိပ်ကမ်း စက်လှေဆိပ်တွင် ဓါးခုတ်မှုဖြစ်၍ ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးထား


တာချီလိတ်မြို့နယ် ၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ကြာသပတေးဈေးအနီး၊ ဝမ်ပုံဆိပ်ကမ်း စက်လှေဆိပ်တွင် လူတစ်ယောက်အား နောက်ကျောဘက်မှ ရုတ်တရက် ဓားဖြင့်ဝင်ခုတ်သူအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက ဝမ်ပုံရွာနေ ကျထီး ဆိုသူမှာ သူငယ်ချင်းများဖြစ်သော အိုက်ထွန်း၊ အိုက်အွဲတို့နှင့်အတူ ၎င်းတို့မောင်းသော စက်လှေအား ကမ်းစပ်သို့ ဆွဲကပ်ပြီးနောက် စက်လှေပေါ်တွင် ဆွမ်းတော်ကပ်ရန် ကမ်းစပ်တွင် ရပ်ထားသည့် ဆိုင်ကယ် ထိုင်ခုံအောက်မှ ဆွမ်းတော်ထုပ်အား ယူရန်ဖွင့်နေစဉ် တစ်ရွာတည်းနေ အရက်ကြောင်နေသူဟု ဆိုသည့် ဂေါက်ဂေါက် (ခ)သန်းထိုက် ဆိုသူက ရုတ်တရက်နောက်မှ ရောက်လာပြီး ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝဲဘက်လည်ပင်းတွင် ဒဏ်ရာ ရရှိသွားသည့် ကျထီးအား သူငယ်ချင်းများက ဝမ်ပုံတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးပြီး ရဲစခန်းသို့ အကြောင်းကြားသဖြင့် ဝမ်ပုံနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကျော်ထွန်းနှင့် အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခြင်း၊ ဒဏ်ရာရသူအား မေးမြန်းစစ်ဆေးခြင်းများ လုပ်ဆောင်ကာ ဖမ်းဆီးရမိထားသည့် ဂေါက်ဂေါက် (ခ) သန်းထိုက်အား ဆက်လက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓားဖြင့်ခုတ်သည့် အသက်(၃၅)နှစ်အရွယ်ရှိ ဂေါက်ဂေါက်(ခ)သန်းထိုက်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ) ၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net

တာချီလိတ်မြို့ ၀မ်ပုံဆိပ်ကမ်း စက်လှေဆိပ်တွင် ဓါးခုတ်မှုဖြစ်၍ ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးထား တာချီလိတ်မြို့ ၀မ်ပုံဆိပ်ကမ်း စက်လှေဆိပ်တွင် ဓါးခုတ်မှုဖြစ်၍ ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးထား Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.