ယင်းမာပင်မြို့နယ် ကောင်းဆင့်ငါးလုပ်ငန်းစခန်းမှ ဒုတိယဦးစီးမှူး တစ်ဦးသေဆုံးမှု ဖြစ်ပွား


ယင်းမာပင်၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ယင်းမာပင်မြို့နယ် ကောင်းဆင့်ငါးလုပ်ငန်းစခန်းမှ ဒုတိယဦးစီးမှူး တစ်ဦး နေအိမ်လိုင်းခန်းအတွင်းရှိ ဝါးကုလားထိုင်ခုံပေါ်တွင် မှောက်လျက်သေဆုံးနေကြောင်း ဩဂုတ် ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကသိရှိရ၍ တရားလို ယင်းမာပင်မြို့နယ် ကောင်းဆင့်ငါးလုပ်ငန်းစခန်းမှ ဦးစီးမှူး ဦးအောင်ဇော်ဝင်းက ဩဂုတ် ၇ ရက် ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် ယင်းမာပင်မြို့မစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ တရားလိုသည် (၇.၈.၂၀၁၇)ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက ယင်းမာပင်မြို့နယ်ကောင်းဆင့်ငါးလုပ်ငန်းစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် ရွာသာကျေးရွာအုပ်စု ကောင်းဆင့်ကျေးရွာနေ မောင်အေးမင်းဆိုသူက ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာအရှေ့ဘက် ငါးလုပ်ငန်းစခန်းအတွင်းသို့ နွားကျောင်းရန် ရောက်ရှိလာပြီး ငါးကန်ဘောင်ပေါ် ဖြတ်လျှောက်သွားစဉ် ဒုတိယဦးစီးမှူး ဦးသံလုံးမှာ ၎င်းနေအိမ်လိုင်ခန်းအတွင်း နေအိမ်တံခါးဖွင့်လျက် ဝါးကုလားထိုင်ပေါ် မှောက်လဲနေကြောင်း တရားလိုကိုပြောပြ၍ သွားရောက်ကြည့်ရှုရာ ဦးသံလုံးမှာ ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဦးသံလုံးအား သေဆုံးအောင် ပြုလုပ်သူကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဦးအောင်ဇော်ဝင်းက တရာလိုပြုလုပ်တိုင်တန်းခဲ့ပါသည်။

 အခင်းဖြစ်ပွားရာနေရာသို့ ယင်းမာပင်မြို့မစခန်းမှူး ဒုတိယရဲမှူး တင်ထွန်းဦးဆောင် ရဲတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးရာ သေဆုံးသူ ဦးသံလုံးမှာ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ဝဲနားထင်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲပါးပေါက်ပြဲဒဏ်ရာ(၁)ချက် အသီးသီးစစ်ဆေးတွေ့ရှိရပြီး၊ ယင်းမာပင်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး တရားလိုနှင့်သက်သေများအား စစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ ရဲဆေးစာပေးပို့ခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်းများနှင့် တရားခံအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ရန်စီစဉ်ထားကြောင်း တာဝန်ရှိသူထံမှ သတင်းရရှိသည်။

ထွန်းကိုကို(ယင်းမာပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယင်းမာပင်မြို့နယ် ကောင်းဆင့်ငါးလုပ်ငန်းစခန်းမှ ဒုတိယဦးစီးမှူး တစ်ဦးသေဆုံးမှု ဖြစ်ပွား ယင်းမာပင်မြို့နယ် ကောင်းဆင့်ငါးလုပ်ငန်းစခန်းမှ ဒုတိယဦးစီးမှူး တစ်ဦးသေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.