မြို့သစ်စီမံကိန်းအတွက် သိမ်းပိုက်သည့် မြေဧကထောင်ဂဏန်းအတွက် တဧက ယွမ် ၇ဝဝ၀ ခန့် ဝ အာဏာပိုင်ပေးလျော်မည်

Photo: မြို့သစ်စီမံကိန်းအတွက် တောင်ဖြို လယ်မြေဖို့မှု ပြုလုပ်နေကြပုံ
ဩဂုတ် ၂၃ ရက် ၂၀၁၇

အထူးဒေသ ၂ UWSA ဝ တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ မိုင်းပေါက်မြို့ အရှေ့ဘက်တွင် မြို့သစ် တည် ဆောက်ရန် သိမ်းပိုက်ထားသည့် မြေဧက ထောင်ဂဏန်း အတွက် တဧက တရုတ် ငွေ ၇၀၀၀ နှုန်း ဖြင့် ဒေသခံများအားပေးလျော်သွားမည်ဟု သိရသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ မိုင်းပေါက် အခြေစိုက် UWSA တပ်မဟာ ၄၆၈ တပ်မှူး ပေါက်အိုက်ပန်း မှ ကေဒါ တပ်သားများအား ပြီးခဲ့အပတ်က အစည်း အဝေး ခေါ်ယူကာ သိမ်းပိုက်ထားသည့် အိမ်၊ ခြံ၊ ယာမြေ၊ လယ်မြေ များ အတွက် မြေအကျယ် တမူး ၃၅၀၀ ယွမ် ( နိုင်ငံတကာမြေတိုင်းထွာနည်း တစ်ဧက ၄၃၅၆၀ စတုရန်းပေ ၊ တရုတ်မြေတိုင်း ထွာနည်း တစ်မူး ၂၁၆၀၀ စတုရန်းပေ) ပေးလျော်သွားမည့်အကြောင်း ပြောကြားသွားသည်ဟု ဝ တပ်အရာရှိ တဦး ကပြောသည်။

မြေအသိမ်းခံရသည့် ၀ အရာရှိ အိုက်နပ် က - “ပေးမယ်ဆိုတာ ကျနော်တို့ အစည်းအဝေး လုပ်တုန်းက ပြောထားတယ်။ အခုထိတော့ မပေးသေးဘူး။ ဘယ်နေ့ ပေးမလဲမသိသေး ဘူး။ မြန်မြန်ပေးရင်တော့ ကောင်းတာပေါ့ဗျာ” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

မြို့သစ်တည်ဆောက်ရန် ပိုင်ရှင်ရှိမြေဧရိယာ မူးပေါင်း ၃၀၀၀ ကျော် ရှိကြောင်း၊ ဂျတော်ခါး လားဟူ ရွာတရွာ ပြောင်းရွှေ့ခံရကြောင်း၊ ၎င်းတို့ရွာမှ တမိုင်ကျော်ဝေးသည့် နေရာသို့ ပြောင်းရွေ့နေထိုင် ခိုင်းကျောင်း၊ မြေသိမ်းခံရမှုကြောင့် တမူးယွမ် ၃၅၀၀ မှ လွဲ၍ တခြား ထောက်ပံ့မှုမရှိကြောင်း၊ သို့သော် မြေကွက်ညှိပေးခြင်း၊ ရေ မီး သွယ်တန်းပေးခြင်းများတော့ ဝ တပ်ဖွဲ့မှ လုပ်ဆောင်ပေးကြောင်း ကြား သိရပါသည်။

အိမ်ပြောင်းရွှေ့ခြင်းစေခိုင်းခံရသည့် ကလေးသုံးယောက်မိခင် နာဝီးက - “ မြေရောင်းရင် တမူး ယွမ် ငွေ ၇ သောင်း ကနေ တသိန်း အထိ ရှိတယ်။ နေရာကောင်းရင်ကောင်းသလိုပေါ့။ အခုဟာ ကျမတို့ကို အဓမ္မရွှေ့ခိုင်းတယ်။ တအိမ် ၃၀၀၀၊ ၃၅၀၀ လောက်ဘဲပေးတယ်။ နေဖို့အိမ်လဲ ကိုယ့်ဟာကို ဆောက် ယူရတယ်။ သူတို့တည်ဆောက်တဲ့ မြို့သစ်မှာ ပြန်မပေးဘူး။ တောစပ် တောင်စပ်မှာ ကျမ တို့ကို လာနေခိုင်းတာအခု။ ရွာစည်လာရင် ထပ်မောင်းထုတ်ဦးမလားမသိဘူး” - ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

မြို့သစ်တည်ဆောက်ရန် ၂၀၁၇ ဂျူလိုင်လဆန်းပိုင်းကတည်းက လယ်၊ ယာမြေများ အား ဝ အာဏာပိုင်များ သိမ်းပိုက်ကြောင်း၊ လက်ရှိတွင် သိမ်းပိုက်ခံရ လယ်များတွင် ဆန်စပါး များပွင့်စ ၊ သီးစ ပြုလာသည့်အတွက် စပါးရိုက်ပြီးမှ မြေဖို့ရန် တောင်းပန်လိုကြောင်း၊ ဂျူလိုင်လကုန်ပိုင်းက ကောက်စိုက်ပြီးသည့် လယ်ကွက် အများအပြားအား ၀ အာဏာပိုင်များမှ တောင်ဖြိုကာ မြေဖို့ နေသောကြောင့် သောကဖြင့် ထမင်းစားနေရကြောင်း လယ်အသိမ်းခံရသည့် ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese/
မြို့သစ်စီမံကိန်းအတွက် သိမ်းပိုက်သည့် မြေဧကထောင်ဂဏန်းအတွက် တဧက ယွမ် ၇ဝဝ၀ ခန့် ဝ အာဏာပိုင်ပေးလျော်မည် မြို့သစ်စီမံကိန်းအတွက် သိမ်းပိုက်သည့် မြေဧကထောင်ဂဏန်းအတွက် တဧက ယွမ် ၇ဝဝ၀ ခန့် ဝ အာဏာပိုင်ပေးလျော်မည် Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.