မြန်မာ့ တောဆင်ရိုင်းကောင်ရေ တဟုန်ထိုး ကျဆင်းလာနေ


မြန်မာနိုင်ငံမှာ တောဆင်ရိုင်း ဖမ်းဆီး သတ်ဖြတ်နေမှုတွေကြောင့် တောဆင်ရိုင်း ကောင်ရေ တဟုန်ထိုး ကျဆင်းလာနေတဲ့အတွက် အထူး စိုးရိမ်မိတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာ ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက သြဂုတ်လ ၁၂ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆင်များနေ့မှာ ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အရင်က အစွယ်ရှိတဲ့ ဆင်ထီးတွေကိုပဲ ပစ်မှတ်ထားတဲ့ ဆင်စွယ်ဈေးကွက်နဲ့ မတူဘဲ လတ်တလော မြင့်တက်လာနေတဲ့ ဆင်သားရေ ဝယ်လိုအားကြောင့် ဆင်အမနဲ့ သားပေါက်တွေကိုပါ မချန်တော့ဘဲ သတ်ဖြတ် အရေခွံခွာတာတွေ ရှိနေကြောင်းနဲ့ ဒီလိုသာ ဆက်သွားရင် မြန်မာ့ တောဆင်ရိုင်း မျိုးသုဉ်းသွားနိုင်တဲ့အထိ ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ တောရိုင်းတိရိစ္ဆာန်နဲ့ အပင် ထိန်းသိမ်းရေး အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက တောရိုင်းတိရိစ္ဆာန် အစိပ်အပိုင်းတွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ နယ်စပ် ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်ပိုင်းကို အဓိက တင်ပို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၇ခုနှစ် အခုလက်ရှိအချိန်အထိ အနည်းဆုံး တောဆင်ရိုင်း အကောင်ရေ ၃၀ အသတ်ခံရပြီး လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်း ၅ကောင် အသတ်ခံခဲ့ရပြီး ဒါဟာ မြန်မာနိုင်ငံမှာ နှစ်စဉ် ဆင်ရိုင်း အသတ်ခံရတဲ့ ပျမ်းမျှ ပမာဏထက် အများကြီး ကျော်လွန်နေကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သစ်တောဦးစီးဌာနက တောရိုင်း တိရိစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေးနဲ့ သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ထုတ်ပြန်ထားပြီး ဥပဒေ ချိုးဖောက်ရင် ထောင်ဒဏ် ၇နှစ်အထိ အရေးယူနိုင်ပေမယ့် လက်လှမ်းမမီတဲ့ နေရာတွေမှာ တောရိုင်း တိရိစ္ဆာန် အမဲလိုက် ဖမ်းဆီး သတ်ဖြတ်နေမှုတွေကို ထိထိရောက်ရောက် ထိန်းချုပ် တားဆီးနိုင်တာမျိုး မရှိသေးဘူးလို့ နိုင်ငံတကာ တောရိုင်းတိရိစ္ဆာန်နဲ့ အပင် ထိန်းသိမ်းရေး အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြန်မာ့ တောဆင်ရိုင်းကောင်ရေ တဟုန်ထိုး ကျဆင်းလာနေ မြန်မာ့ တောဆင်ရိုင်းကောင်ရေ တဟုန်ထိုး ကျဆင်းလာနေ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.