ဦးပြုံးချို အပါအ၀င် ၅ ဦးကို အဂတိလိုက်စားမှုနဲ့ ရုံးထုတ်

ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအ၀င် ၅ ဦးကို သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Htet Arker/ RFA
ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအ၀င် ၅ ဦးကို ဒီနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ အဂတိလိုက်စားမှုမှာပါဝင်ခဲ့တဲ့ မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ရဲသွေး ကို ဖမ်းဆီးရမိခြင်းမရှိသေးတာကြောင့် သူ့မျက်ကွယ်မှာ ကျန်တဲ့လူ ၅ ဦးကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူ ၅ ဦးထဲက ၂ ဦး ရဲ့ ရှေ့နေ ဦးချစ်ကိုကို က ပြောပါတယ်။

အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံထားရသူ ၅ ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးပြုံးချို ၊ ပြည်ထဲရေး ၀န်ကြီးဌာနက ဒုတိယရဲမှူးကြီး ကျော်ဇေယျ ၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးထွန်း၊ စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနိုင်၊ မြေရှင်ရဲ့ ကိုယ်စားလှယ် ဦးမျိုးခိုင် တို့ဖြစ်ပါတယ်။

တရားစွဲဆိုခံထားရသူ ၅ ဦးဟာ နိုင်ငံတော်က ပြန်လည်လွှဲပြောင်းပေးအပ်ထားတဲ့ ရန်ကုန်မြို့က စက်မှုဝန်ကြီး ဌာနအမည်ပေါက် မြေကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူတွေက ပြည်ထဲရေးဝန်ကြီးဌာနထံ တိုင်ကြားရာမှာ ပြည်ထဲရေး ၀န်ကြီးဌာနက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီကို လွှဲပြောင်း ပေးခဲ့တဲ့ အမှုဖြစ်ပါတယ်။

အဲဒီအမှုကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ စတင် စစ်ဆေးတော့ မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးပြုံးချို အပါအ၀င် ၅ ဦးကို အဂတိလိုက်စားမှုနဲ့ ရုံးထုတ် ဦးပြုံးချို အပါအ၀င် ၅ ဦးကို အဂတိလိုက်စားမှုနဲ့ ရုံးထုတ် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.