ဒလတံတားတည်ဆောက်ရေး ရန်ကုန်မြစ်၌ မြေသားစမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိ


ရန်ကုန် သြဂုတ် ၁၈

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတို့ ဆက်သွယ်တည်ဆောက်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ရေး အတွက် တံတားချဉ်းကပ်လမ်း နှစ်ဖက်တွင် မြေသားစမ်းသပ်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ယခုအခါ ရန်ကုန်မြစ်အတွင်း၌ Area Name-A၊ Area Name-B၊ Area Name-C ဖြင့် တည်နေရာများ သတ်မှတ်၍ မြေသားစမ်းသပ်ရေး ဝမ်းပြားရေယာဉ်ကို ကျောက်ချထားပြီး မြေသားခံနိုင်ဝန်စမ်းသပ်တိုင်းတာ ခြင်းကို SUNTAC TECHNO- LOGIES ကုမ္ပဏီက တာဝန်ယူ၍ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ် အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို သြဂုတ် ၁၈ ရက်က တွေ့ရပြီး မကြာခင် ရန်ကုန်မြစ်အတွင်း၌ပါ မြေသားစမ်းသပ် မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဒလ တံတားတည်ဆောက်မည့် ဧရိယာရေပြင်ရှိ သတ်မှတ်တည်နေရာများတွင် မြေသားစမ်းသပ်မှုများကို စမ်းသပ်ရေး ဝမ်းပြားရေယာဉ်ကို ကျောက်ချထား ရှိကာ လုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး ဆောင်ရွက် နေစဉ်အတွင်း ယင်းရေယာဉ်များတွင် နေ့အချိန်တွင် လိမ္မော်ရောင်အလံကို သိသာထင်ရှားစွာ လွှင့်ထူ ထားပြီး ညအချိန်တွင် အနီရောင်အချက်ပြမီးကို ပြသထားကြောင်း၊ ရေယာဉ်တွင် VHF CH-16 ဆက်သွယ်ရေးစက် တပ်ဆင်ထားပြီး လုပ်ငန်းဆောင်ရွက်နေသည့် ရေယာဉ်အနီးမှ ဖြတ်သန်းသွားလာသော ရေယာဉ်များအနေဖြင့် ၄င်းတို့နှင့် မီတာ ၃ဝ ခန့်အကွာမှ လွတ်ကင်းစွာ ဖြတ်သန်းသွားလာကြရန်နှင့် မီတာ ၅ဝ အတွင်း ကျောက်ချရပ်နားခြင်း မပြုရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်း သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့အတူ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတစ်လျှောက်၌ တံတားအူ လမ်းကြောင်းနှင့် မူလသတ်မှတ်ထားသော တံတား ချဉ်းကပ်လမ်းအား တံတားမြေဧရိယာများ တိုင်းတာ၍ လမ်းမကြီးဝဲယာတစ်လျှောက်တွင် အလံတိုင်များဖြင့် စိုက်ထူဆောင်ရွက်လျက်ရှိပြီး တိုင်များစိုက် ထူရာတွင် ယခင်ကသတ်မှတ်ထားသည့် ဧရိယာထက် ၁၅ ပေခန့် ပါရှိသွားကြောင်း၊ ၄င်းကို တာဝန်ရှိ သူများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ အောက်တို ဘာ ၅ ရက်မှစတင်ပြီး နိုဝင်ဘာ ၅ ရက်အထိ တစ်လတိတိ အချိန်ပေးပြီး တံတားဧရိယာနှင့် မလွတ်ကင်းသည့် မြေယာလျော်ကြေးပေးပြီးထားသည့် နေအိမ်နှင့်ဈေးဆိုင်ခန်းများကိုပါ ပြောင်းရွှေ့ ခိုင်းထားကြောင်း၊ ၄င်းကိုလည်း ဒေသခံပြည်သူများအနေဖြင့် အစည်းအဝေးများတွင် သိရှိပြီးသားဖြစ်ကြောင်း၊ မကြာခင်ဒလတံတားကြီး တည်ဆောက်ရန်အတွက် မြင်တွေ့ရတော့မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ စက်တပ်သမ္ဗန်များစီးပြီး အခက်အခဲပေါင်းများစွာဖြင့် ဖြတ်သန်းသွားလာနေခြင်းကြောင့် ရန်ကုန်-ဒလတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ဒေသအတွက် များစွာဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ် ကြောင်း ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်(ခ)သားငယ်က ပြောသည်။

သတင်းနှင့်ဓာတ်ပုံ - နိုင်လင်းကျော်(ဒလ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဒလတံတားတည်ဆောက်ရေး ရန်ကုန်မြစ်၌ မြေသားစမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိ ဒလတံတားတည်ဆောက်ရေး ရန်ကုန်မြစ်၌ မြေသားစမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.