နိရဉ္စရာ၊ သြဂုတ် ၁၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် သစ်သား ဓာတ်မီးတိုင်မှ တွဲကျနေသော လျှပ်စစ်မီးကြိုးနှင့် လူငယ် တစ်ဦးဆောင်းလာသော ထီးထိမိရာမှာ ဓာတ်လိုက်ပြီး အသက် ၁၄ နှစ် အရွယ် လူငယ် တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဓာတ်လိုက်၍သေဆုံးသွားသူမှာ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ဖြတ်လမ်း(၄)တွင် နေထိုင်သူ မျိုးမင်းအောင်(၁၄)နှစ် (ဘ)ဦးကြည်ကြည်မောင် ဖြစ်ကြောင်း ကျောက်ဖြူရဲစခန်း မှတ်တမ်းအရ သိရသည်။
သေဆုံးသူ မျိုးမင်းအောင်သည် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ဖြတ်လမ်း(၅)ရှိ ဇေယျာသီရီ ဘုန်းတော်ကြီးကျောင်းမှ နေအိမ်သို့ သြဂုတ် ၁၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ပြန်လာစဉ် နေအိမ်အနီး သစ်သားလမ်းမီးတိုင်မှ တွဲကျနေသော မီးကြိုးနှင့် သူဆောင်းလာသောထီး ထိမိရာမှ ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဒေသခံများ အပြောအရ လမ်းမီးတိုင်မှ လျှပ်စစ်မီးကြိုးသည် မြေပြင်နှင့် အမြင့်ပေ(၅)ပေခန့်ထိ တွဲကျနေသဖြင့် ဆောင်းလာသောထီးနှင့် ထိမိရာမှ ထိုနေရာတွင်ပင် မျိုးမင်းအောင်မှာ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မျိုးမင်းအောင်၏ အလောင်းအားစစ်ဆေးရာ ရင်ဘတ်တွင် ဓာတ်လိုက်ရာမှ ရရှိသော ညိုမဲဒဏ်ရာ၊ ယာဘက်လက်ကောက်ဝတ်တွင် ညိုမဲဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိကြောင်း ကျောက်ဖြူ ရဲစခန်း ဆေးမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသေဆုံးမှုအား ကျောက်ဖြူမြို့မရဲစခန်း၊ သေမှု သေခင်းအမှတ်စဉ်(၂၃/၁၇)အရ အရေးယူအမှု ဖွင့်ထားပြီး ဒုရဲမှူးကျော်ဇောမှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ကျော်ဝင်း (ကျောက်ဖြူ )
Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူတွင် လမ်းဘေးတွဲကျနေသောမီးကြိုးနှင့် ဆောင်းလာသောထီးထိမိရာမှ လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံး
Reviewed by THITHTOOLWIN
on
16:11
Rating: