အာဏာပိုင်များနှင့် စစ်ရှောင်များကို ကူညီရန်လာသော ယာဉ်တန်းတို့ တင်းမာမူကြောင့် ဒေသခံ တစ်ဦး ဆေးရုံးရောက်


သြဂုတ်လ ၁၉

ကာမိုင်းဂိတ်၌ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း (myu sha zin lum) အဖွဲ့အား တားဆီးခြင်းနှင့် စပ်လျဉ်း၍ တင်းမာမှုများ ပိုမိုဖြစ်ပေါ်နေသည်ဟု သိရသည်။

ယနေ့ (သြဂုတ်လ ၁၉ ရက်) နံနက်တွင် အထက်ဖော်ပြပါအတိုင်း ကားများအား တားဆီးခြင်းကြောင့် ကာမိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ အဓိကရုဏ်း ဖြစ်ခဲ့ကြပြီး ဒေသခံ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ကာမိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ထိုလူမှုဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဌ ဦးလတောင်က ပြောသည်။

“နှစ်ဘက်စလုံး တော်တော်လေး တင်းမာနေပြီ။ ခဏနေရင် ကျနော်တို့လည်း ချီတက်စရာ ရှိရင် ချီတက်ဖို့ ပြင်ဆင်ထားတာရှိတယ်”ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း၏ မြစ်ကြီးနားမြို့နယ်တာဝန်ခံ ဦးဇော်ဂျတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

လက်ရှိအချိန်တွင် တားဆီးခံထားရသည့် ကာမိုင်းဂိတ်၌ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းမှ ကား ၈ စီးနှင့် အတူ ပါလာသည့် အဖွဲ့ဝင် ၃၁ ဦးအနက် ၂ ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင် ၃၁ ဦး စီးနင်းလာသည့် ကားများအနက် ကား ၄ စီးသည် လိုင်စင်မဲ့ကားများ ဖြစ်သောကြောင့် အဖွဲ့ဝင် နှစ်ဦးအား လိုင်စင်မဲ့ကား စီးနင်းမှုဖြင့် တရားစွဲကာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဦးလတောင်က ပြောသည်။

“အခု ဖြစ်ပုံက ရဲက တရားလို လုပ်ပြီး တရားစွဲလာတာ။ အဲလိုအနေအထားက တမင်သက်သက် အနိုင်ကျင့်တာပဲ ဆိုပြီး စဉ်းစားပြီး မခံမရပ်နိုင်ဖြစ်နေတာ။ မနေ့က ကျွန်တော်တို့ရဲ့ လိုင်စင်မဲ့ ကားတွေကို လာပို့ဆိုလို့ သွားပို့တာကို ကာမိုင်းက ဒေသခံတွေက ဒါ မတရားဘူး သွားမပေးရဘူးဆိုပြီး လမ်းမှာ တားတာ။ လမ်းမှာတားတော့ ရဲတွေက အင်အားသုံးပြီး ဆင်းလာပြီးတော့ အဲဒီမှာ ပြဿနာဖြစ်တာ။ အခု တစ်ယောက်က ဆေးရုံ ရောက်နေတယ်” ဟု ဦးလတောင်က ရှင်းပြသည်။

ဖြစ်စဉ်မှာ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း၏ ကားများအား ကာမိုင်း
ဂိတ်တွင် စစ်တပ်က စစ်ရှောင်များအား ယခုကဲ့သို့ သွားရောက်ကူညီရန် ပြုလုပ်ခြင်းသည် မည်သူ့အမိန့်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းကို တားဆီး၍ မေးသည်ဟု သိရသည်။

“စစ်ရှောင်ကို လှူဖို့က ဘယ်သူ့အမိန့်၊ ဘယ်ထောက်ခံချက်မှ လုပ်စရာ မလိုဘူး။ ဒုက္ခရောက်နေသူတွေကို ကူညီချင်တာပဲရှိတယ် ပြောတော့ ခင်ဗျားတို့ အထက်က ခွင့်ပြုချက်မပါတဲ့အတွက် ထွက်ခွာခွင့် မပြုဘူးဆိုပြီး တားထားတာ။ သွားခွင့်ပြုဖို့ အကြိမ်ကြိမ် ပြောလည်း မရဘူး” ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း၏ မြစ်ကြီးနားမြို့နယ် တာဝန်ခံ ဦးဇော်ဂျတ်က ပြောသည်။

ထို့ပြင် စစ်ရှောင်များအား ကူညီရန် သွားရောက်သည့် အဖွဲ့ဝင်များ၏ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နှင့် ကားလိုင်စင်များအား စစ်ဆေးကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ကား ၄ စီးသာ လိုင်စင်ရှိပြီး ကျန်ကား ၄ စီးမှာ လိုင်စင် မရှိသည့်အတွက် ယာဉ်မောင်းအပါအဝင် ကား ၄ စီးကို တရားစွဲကာ ဖမ်းခဲ့သည်ဟု သိရသည်။

ဆလိုင်း
ဓာတ်ပုံ _ Seng Nan Uma
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
အာဏာပိုင်များနှင့် စစ်ရှောင်များကို ကူညီရန်လာသော ယာဉ်တန်းတို့ တင်းမာမူကြောင့် ဒေသခံ တစ်ဦး ဆေးရုံးရောက် အာဏာပိုင်များနှင့် စစ်ရှောင်များကို ကူညီရန်လာသော ယာဉ်တန်းတို့ တင်းမာမူကြောင့် ဒေသခံ တစ်ဦး ဆေးရုံးရောက် Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.