မန္တလေးမှာ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိပြီး ၃ ဦးသေဆုံး

ရေကြီးနေတဲ့ မန္တလေးမြို့က ရပ်ကွက်တစ်ခုကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
ဧရာဝတီမြစ်ရေနဲ့ ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်း မြို့နယ် ၅ မြို့နယ်က လူဦးရေ ၁ သောင်း ၁ ထောင်နီးပါး ရေဘေးလွတ်ရာ ကို ပြောင်းရွှေ့နေကြရပြီး ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ တောင်ကျရေကြောင့် အိမ် ၁၂ လုံးပျက်စီးသွားခဲ့ပြီး လူ ၃ ဦး မျောပါသေဆုံး သွားခဲ့တာ ဖြစ်တယ်လို့ မန္တလေးတိုင်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေ က ပြောပါတယ်။

" တောင်ကျရေကြောင့် ဖြစ်သွားတဲ့ သပိတ်ကျင်းမှာ အိမ်ထောင်စု ၁၂ စု ပျက်စီးတယ်၊ ၃ လုံးကတော့ မျောပါ ပျက်စီး၊ ၉ လုံးကတော့ ပြန်ပြင်ပြီးတော့ လုပ်ရတာပေါ့၊ အဲအတွက်လည်း ကျနော်တို့က တစ်အိမ်ကို တစ်သိန်းနှုန်း ပေးတယ်၊ အဲမှာနောက် လူ ၃ ယောက်သေတယ်၊ မိသားစုတစ်ခုထဲက ၁၀ လသား ကလေး၊ ၇ နှစ်သား ကလေးရယ်၊ သူတို့အမေရယ်သေသွားတော့ သေဆုံးအမေတို့ မိသားစုတို့အတွက်ကတော့ ၃ သိန်း ပေါ့နော်ထောက်ပံ့ပေးတယ်"

သြဂုတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီခန့်က သပိတ်ကျင်းမြို့နယ်မှာ တောင်ကျရေတွေ စီးဆင်းလာတာကြောင့် နေအိမ်တချို့ပျက်စီးခဲ့ရသလို ၃ ဦး သေဆုံးခဲ့ တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း စဥ့်ကူး၊ စဥ့်ကိုင်၊ သပိတ်ကျင်း၊ တံတားဦး နဲ့ ညောင်ဦး စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က စပြီး ရေတွေဝင်ရောက်နေ တာ ဖြစ်ပါတယ်။

ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ဆန်ရိက္ခာတွေ ထောက်ပံ့ပေးထားသလို တိုင်းအစိုးရအဖွဲ့ကလည်း ဆန်၊ ဆီ နဲ့ ခေါက်ဆွဲခြောက်တွေ ထောက်ပံ့ ပေးထားတယ်လို့ ဦးသန်းထွဋ်ဆွေ က ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် စဥ့်ကူးနဲ့ သပိတ်ကျင်းဘက်က စာသင်ကျောင်းတချို့ကို ပိတ်ထားရ တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ ရေလွတ်တဲ့ နီးစပ်ရာဆွေမျိုး အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်နေကြတယ် လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မန္တလေးမှာ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိပြီး ၃ ဦးသေဆုံး မန္တလေးမှာ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိပြီး ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.