၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းထောက် နှစ်ဦး အာမခံရ

၆၆ ဃ နဲ့ အမှုဖွင့်ခံထားတဲ့ သတင်းထောက် နှစ်ဦး ကို တွေ့ရစဉ်။ ဓါတ်ပုံ - ဒေါင်းလူ
မကွေးတိုင်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ မဇ္ဈိမသတင်းဌာနက သတင်းထောက်နဲ့ DVB သတင်းဌာနက သတင်းထောက် တို့ကို အောင်လံမြို့နယ် ရဲစခန်းက ဒီနေ့ ကိုယ်တိုင်ခံဝန်နဲ့  အာမခံပေး လိုက်တယ်လို့ မဇ္ဈိမသတင်းထောက် ကိုဒေါင်းလူက ပြောပါတယ်။

ရဲစခန်းကို ကိုယ်တိုင်သွားပြီး အဖမ်းခံရာမှာ အာမခံ ပေးလိုက်တာဖြစ်ပြီး သတင်းကျင့်ဝတ်နဲ့အညီ ရေးသားပေမယ့် အခုလို တရားစွဲဆိုခံရတာဖြစ်ကြောင်းနဲ့ အမှုနဲ့ပတ်သက်ပြီး ဥပဒေဘောင်ထဲကနေ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ကိုဒေါင်းလူက ပြောပါတယ်။

"ဒီနေ့ နေ့လည်ပိုင်းက သွားပြီးအဖမ်းခံလိုက်တာ၊ ကိုယ်တိုင်ခံဝန်နဲ့ပဲ အာမခံရတယ်၊ ကိုယ့်အနေနဲ့ကတော့ Ethic နဲ့အညီ သတင်းကိုတည်ဆောက်ခဲ့တယ်လို့ ယုံကြည်ထားတယ်၊ သတင်းဖော်ပြတယ်၊ ဖော်ပြတဲ့ သတင်းကို ကျနော့်ဖေ့ဘုတ်အကောင့်မှာ ရှယ်လိုက်တယ်၊အဲ့အပေါ်မှာ ၆၆ (ဃ)နဲ့ တရားစွဲတယ်၊ ၂၀၁၆ မှာကတည်းကဖွင့်ထားတာ တစ်နှစ်လောက်နေမှ တရားစွဲဖို့လုပ်တာ၊ ဒီအှုမှုကို ရှေ့နေ ရှေ့ရပ်ငှားပြီးတော့ ရင်ဆိုင်မယ်၊ တရားဥပဒေဘောင်ထဲကပဲ ဖြေရှင်းသွားမှာပါ"

မကွေးတိုင်း အောင်လံမြို့၊ငလောက်ကျေးရွာက အလယ်တန်းကျောင်းမှာ ပြင်ပက ဆရာမငှားသင်ကြားပြီး ငွေကောက်ခံတာကြောင့် ကျောင်းသားမိဘတချို့က ငွေးတိုးချေးပြီး ကျောင်းထားနေရကြောင်း ဒေသခံတစ်ချို့က ၂၀၁၆ နိုဝင်ဘာလက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ သတင်းကို မဇ္ဈိမသတင်းထောက် ကိုဒေါင်းလူက သတင်းရေးသားရိုက်ကူးပြီး မဇ္ဈိမသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းကို ကိုဒေါင်းလူက လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်မျှဝေခဲ့တဲ့အတွက်  ငလောက်ကျေးရွာ အလယ်တန်းကျောင်းအုပ်က ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး အခုအခါမှ ရဲစခန်းက လာရောက်အဖမ်းခံဖို့ အကြောင်းကြားခဲ့တာကြောင့် သွားရောက်အဖမ်းခံခဲ့တာဖြစ်တယ်လို့ ကိုဒေါင်းလူက ပြောပါတယ်။

DVB သတင်းထောက် ကိုဘဦးကိုတော့ အဲဒီ သတင်းစာရှင်းလင်းပွဲကို စီစဉ်ကျင်းပခဲ့တာကြောင့် အမှုဖွင့်တာလို့ ရဲစခန်းကပြောတယ်လို့ ကိုဒေါင်းလူက ပြောပါတယ်။

သတင်းထောက်နှစ်ယောက်နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဒေသခံ ၅ ဦး ၊စုစုပေါင်း ၇ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။ အမှုဖွင့် ခံထားရသူတွေထဲက ဒေသခံနှစ်ဦးကိုတော့ သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၃၀ ရက်နေ့က အာမခံပေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းထောက် နှစ်ဦး အာမခံရ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းထောက် နှစ်ဦး အာမခံရ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.