မူစယ်တဘက်ခြမ်း ရွှေလီမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရုတ်အာဏာပိုင်များ အပြင်းအထန် စစ်ဆေးဖမ်းဆီး

ဓါတ်ပုံ- တရုတ်ဘက်ခြမ်းဝင်ရောက်အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် ပတ်စပို့စာအုပ်များ
သြဂတ်စ် ၉ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ရွှေလီ(မိုင်းမောဝ်)ဒေသမှာ ခုတလော တရုတ်အာဏာပိုင်တွေကနေ တရားမ၀င်နေထိုင်အလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

အခုလဆန်းကစပြီး တရုတ်အာဏာပိုင်တွေက ဖမ်းဆီးမှုတွေပြုလုပ်လာနေတာဖြစ်ပါတယ်။

တရက်ကို မြန်မာနိုင်ငံသား ၈၀ ကနေ ၁၀၀ အထိဖမ်း ဆီးနေပြီးတော့ တရုတ်ဘက်ခြမ်းက ထောင်ထဲမှာ ၃ လကနေ ၆ လအထိ ထောင်ချပြီးမှပြန်လွှတ်ပေးတယ်လို့ရွှေလီ ဘက်မှာနေထိုင်သူတွေကပြောပါတယ်။

"လုပ်ငန်းခွင်တွေမှာ ၊ လမ်းပေါ်မှာ ၊အလုပ်သမားတန်း လျားတွေမှာ ၀င်ရောက်စစ်ဆေးပြီးဖမ်းဆီးနေတာ။ မူးယစ်ဆေးဝါးမှုပါရင်ပိုဆိုးတယ်။ ၂ နှစ် ၃ နှစ်ထောင်ချပြီးမှ ပြန်လွတ်ပေးတာ။ "-လို့ ရွှေလီဒေသခံ စိုင်းခမ်းစက်ကပြော ပါတယ်။

ရွှေလီမှာနေထိုင်အလုပ်လုပ်ဖို့အတွက် မြန်မာနိုင်ငံသားတွေ ဟာ အစိမ်းရောင်ပတ်စပို့ကိုင်ဆောင်ရမှာဖြစ်ပြီး အဲဒီအတွက် တရုတ်ငွေ ယွမ် ၂၀၀ (မြန်မာငွေ ကျပ် ၅ သောင်း)လောက် ကုန်ကျရမှာဖြစ်ပါတယ်။ အဲဒီအစိမ်းရောင်ပတ်စပို့အတွက် တရုတ်သူဌေးကနေ အာမခံချက်ပေးရမှာဖြစ်ကြောင်း၊ တနှစ်ကို ၂ ကြိမ်သက်တမ်းတိုးရမှာဖြစ်ကြောင်း၊ သက်တမ်းတခါတိုးရင် ၆ လ နေထိုင်ခွင့်ရှိကြောင်း သိရပါတယ်။

"အဲ့အစိမ်းရောင်စာအုပ် ကိုင်ဆောင်ရင် သွားလာလို့ရတယ်။ အလုပ်လုပ်လို့ရတယ်။ အရင်ကတော့ ၇ ရက်သက်တမ်းရှိတဲ့ စာရွက်လုပ်ပေးတယ်။ ခုနောက်ပိုင်းတရုတ်ဘက်က လက်မခံတော့တာ။ မြန်မာဘက်ကအာဏာပိုင်တွေလုပ်ပေး တာက အဲဒီ ၇ ရက်သက်တမ်းက ဓါတ်ပုံလဲမကြည်ဘူး။ မြန်မာနိုင်ငံဘက်က နေရပ်လိပ်စာလဲမပါဘူး ဆိုပြီးတော့လေ။ အနီရောင်စာအုပ်တော့ရတယ်။ ၇ ရက်သက်တမ်း။ ဒါမယ့်တရုတ်ဘက်မှာအိပ်လို့မရဘူး။" - လို့ စိုင်းခမ်းစက်က သျှမ်းသံတော်ဆင့်ကိုရှင်းပြပါတယ်။

လုပ်အားခ ကတော့ အလုပ်အပေါ်မှာမူတည်ပြီးတော့ တရက်ကိုယွမ်ငွေ ၅၀ ကနေ ၈၀ အထိရရှိကြောင်း၊ လစားအလုပ်သမားတွေကတော့အနည်းဆုံး တလကိုယွမ်ငွေ ၁၅၀၀ ၀န်းကျင်ရရှိကြောင်း ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ကနေသွားတဲ့ အလုပ်သမားတွေဟာ သစ်ဖြတ်စက် ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်တင်ကုန်ချ ၊ ကျောက်အရောင်းအ၀ယ် စတဲ့အလုပ်တွေမှာ သွားရောက်လုပ်ကိုင်ကြတယ်လို့လည်းသိရပါတယ်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မူစယ်တဘက်ခြမ်း ရွှေလီမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရုတ်အာဏာပိုင်များ အပြင်းအထန် စစ်ဆေးဖမ်းဆီး မူစယ်တဘက်ခြမ်း ရွှေလီမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို တရုတ်အာဏာပိုင်များ အပြင်းအထန် စစ်ဆေးဖမ်းဆီး Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.