ဖိလစ်ပိုင်က သတ်ဖြတ်မှုတွေ ဝေဖန်ခံရ

သမ္မတ ဒူတာတေးဟာ အာဏာစတင်ရကတည်းက ဖိလစ်ပိုင်မှာ ရာဇဝတ်မှုနဲ့ မူးယစ်ဆေး နှိမ်နင်းဖို့ ကတိပြုထား
ဖိလစ်ပိုင် ကက်သလစ် ကျောင်းတော်ရဲ့ အကြီးအကဲက လူအမြောက်အမြား သတ်ဖြတ်ခံနေရတဲ့ အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆေးရေးတွေကို ဝေဖန်လိုက်ပါတယ်။

မနီလာမြို့တော်က ရဟန်းမင်းကြီး ကာဒီနယ် လူးဝစ်တာဂလေက ကူညီရာမဲ့နေသူတွေအပေါ် သတ်ဖြတ်နေသူတွေကို ပြစ်တင်ခဲ့တာပါ။ တရားမဝင် မူးယစ်မှောင်ခိုမှုတွေကို နိုင်ငံရေးနဲ့ ရာဇဝတ် ပြဿနာအဖြစ် အဆင့် လျှော့ချ မပစ်သင့်ဘဲ အားလုံးနဲ့ ဆက်နွှဲနေတဲ့ လူသားဆိုင်ရာ ပြဿနာ အဖြစ် ရှုမြင်ဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

ကာဒီနယ် တာကလေရဲ့ တောင်းဆိုမှုကို အခြား အကြီးတန်း ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဆိုခရေတီးစ်ဗီလီဂတ်စ်ကလည်း ထောက်ခံလိုက်ပြီး အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချတာ မလုပ်ရင် သူရဲဘောကြောင်လွန်းရာ ကျမယ်လို့ ဆိုလိုက်ပါတယ်။

မူးယစ်ရောင်းဝယ်သူ အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခံခဲ့ရသူ တယောက်ရဲ့ တနင်္ဂနွေနေ့က ဈာပန မြင်ကွင်း
ဖိလစ်ပိုင်က ခရစ်ယာန် ဘုရားကျောင်းတွေဟာ သမ္မတ ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေး အပေါ် ဝေဖန်နေကြတာတွေကို အစဦးမှာ ကြားဝင် မှတ်ချက်ပေးတာတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အကြမ်းဖက်မှုတွေ ရပ်တန့် ဖို့ တောင်းဆိုခဲ့ရာမှာ သမ္မတ ဒူတာတေးကလည်း ဘုရားကျောင်းတော်တွေကို ပြန်လည် တုံ့ပြန် ဝေဖန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၄ လ က စတင်ခဲ့တဲ့ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ လူ ၃,၅၀ဝ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တရားဝင် ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ သတ်ဖြတ်ခံရသူ အရေအတွက် ဟာ ဒီထက်ပိုများနိုင်ပြီး အဲဒီထဲက အများအပြားဟာ အပြစ်မဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလတ်တလော ဖြစ်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက်လည်း ဝေဖန်မှု အသစ်တွေ ဖြစ်ပေါ်နေပါတယ်။

ဖိလစ်ပိုင်က သတ်ဖြတ်မှုတွေကို နိုင်ငံတကာကလည်း ဝေဖန်နေကြ
ရိုက်တာ သတင်း တပုဒ်အရ မနီလာ မြို့တော်ရဲ့ မြောက်ဘက် ဘူလကန် ဒေသမှာ သြဂုတ်လ ၁၅ ရက်နေ့ တရက်တည်း လူ ၃၂ ယောက် သတ်ဖြတ်ခံခဲ့ရပြီး ဒီသီတင်းပတ်ထဲမှာ သေဆုံးသူ အနည်းဆုံး အယောက် ၉၀ ရှိတယ် ဆိုပါတယ်။

အဲဒီ သေဆုံးရသူတွေထဲမှာ ကာလိုအိုကမ် မြို့က ကီရန်ဒီလို့စ်ဆန်းတို့စ် အမည်နဲ့ အသက် ၁၇ နှစ်သား တယောက်လည်း ပါဝင်ပြီး သူက သေနတ်နဲ့ စတင် ပစ်ခတ်လို့ ရဲက သတ်ဖြတ်ခဲ့ရတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီ ဆယ်ကျော်သက် လူငယ်ကို ရဲအရာရှိ နှစ်ယောက်က ဆွဲခေါ်ယူသွားတဲ့ မှတ်တမ်းရုပ်သံ ပေါ်ထွက်လာခဲ့လို့ ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အလေးအနက် မေးခွန်းထုတ်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကာလိုအိုကမ်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီး ရာထူးကနေ ယာယီ ဖယ်ရှားထားပါတယ်။ ဖိလစ်ပိုင် လွှတ်တော်မှာလည်း အဲဒီသတ်ဖြတ်မှုကို ပြစ်တင်တဲ့ ဆုံးဖြတ်ချက် အဆို တင်သွင်းခဲ့ပြီး အဲဒီမှာ လွှတ်တော် ထဲက သမ္မတ ဒူတာတေးရဲ့ မဟာမိတ်တွေကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။

စမ်ဆေးရေးတွေအတွင်းက သတ်ဖြတ်မှုတွေကြောင့် ပူဆွေးသောကရောက်နေရတဲ့ မိသားစု အမြောက်အမြားရှိ
ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ အကျိုးအမြတ် အတွက် ဥပဒေပြင်ပ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့လည်း လူ့အခွင့်တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ သေဆုံးရသူတွေဟာ လက်နက်နဲ့ ပြန်လည် ခုခံ လို့သာ သတ်ဖြတ်ခံရတာလို့ ဖြေရှင်းပါတယ်။

ဒီနှစ်ဆန်း ဇန်နဝါရီလတုန်းကတော့ သမ္မတ ဒူတာတေးက မူးယစ်နှိမ်နင်းရေးတွေကို ရပ်တန့်ပြီး ရဲတပ်ဖွဲ့ သန့်ရှင်းရေးကို လုပ်ကာ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမယ်လို့ ကတိပေးခဲ့ပါတယ်။

အခု ဆောင်ရွက်နေတဲ့ မူးယစ် စစ်ဆင်ရေးတွေကတော့ မတ်လက ပြန်စခဲ့တာပါ။

BBC Burmese
http://www.bbc.com/burmese
ဖိလစ်ပိုင်က သတ်ဖြတ်မှုတွေ ဝေဖန်ခံရ ဖိလစ်ပိုင်က သတ်ဖြတ်မှုတွေ ဝေဖန်ခံရ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.