မော်ကျွန်းအချုပ်ခန်းမှ အချုပ်သား ၁ဝ ဦး ထွက်ပြေးသဖြင့် ရှာဖွေလျက်ရှိ


ရန်ကုန် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့၏ မြို့မရဲစခန်း အချုပ်ခန်းပျဉ်ချပ်ကိုခွာ၍ အချုပ်သား ၁ဝ ဦး သြဂုတ် ၂၅ ရက် နံနက် ၂ နာရီခွဲက ထွက်ပြေးလွတ်မြောက် သွားသောကြောင့် ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

'' မြို့ပေါ်နေရာတွေနဲ့ ကားဆိပ်၊ လှေဆိပ်တွေပါမကျန် စခန်းမှူးနဲ့ နယ်ထိန်းအရာရှိတွေ ပိတ်ဆို့ရှာဖွေနေ ပါတယ်။ မြို့မစခန်းတစ်ခုနဲ့ နယ်မြေစခန်း သုံးခုရှိတဲ့အတွက် အားလုံးပူးပေါင်း ပြီးရှာဖွေနေပါတယ်။ ကျူံမငေးနဲ့ ဝါးခယ်မ အပိုင်ကိုလည်း တရားခံတွေရဲ့ဓာတ်ပုံတွေ ပေးပို့ပြီး အကြောင်းကြားထားတယ်။ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်ကိုလည်း အကြောင်းကြားထားပါတယ်။ တိုင်း ဒေသကြီး တပ်ဖွဲ့ကိုလည်း သတင်းပို့ထား တဲ့အတွက် ပြန်လည်ဖမ်းဆီးမိမှာပါ။ ၁၈၈ဝ ပြည့်နှစ်က တည်ဆောက်ခဲ့တဲ့ အချုပ်ခန်းအဟောင်းမှာထားတဲ့ အချုပ် သား ၁ဝ ဦးထွက်ပြေးတာပါ။ အချုပ် ခန်းကြမ်းပြင်ကိုခွာပြီး ပုဆိုးငါးထည်နဲ့ ၁ဝ ပေခွဲအောက်ကိုဆင်းပြီးမှ အိမ်သာ ဟောင်းနားကနေ ထွက်ပြေးတာပါ'' ဟု မော်ကျွန်းမြို့နယ်မှူးက ပြောသည်။

အချုပ်ခန်းမှာ ၂၅ ယောက်ဆံ့ အချုပ်ခန်းဖြစ်ပြီး တရားခံ ၈ဝ ကျော် ထားရှိကြောင်း၊ မော်ကျွန်းရဲတပ်ဖွဲ့ဝင် အင်အား ၆၂ ဦးရှိ၍ တရားခံများအား မအူပင်သို့ ပို့ဆောင်ကာအချုပ်ခန်းကြမ်း ပြင်ကို ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း၊ ထွက်ပြေးသွားသော တရားခံ ၁ဝ ဦး တွင်ခိုးမှုဖြင့် ခုနစ်ဦး၊ တစ်လင်တစ်မယား အမှုမှနှစ်ဦးနှင့်ပုဒ်မ(၄ဝ၃/၄၁၁)ဖြင့် တစ်ဦး လွတ်မြောက်နေခြင်းဖြစ်ကြောင်း သိရသည်။
''လောလောဆယ် မထူးသေးဘူး။လှေဆိပ်၊ ကားဆိပ်မကျန် ရှာဖွေနေပါ တယ်။ အချုပ်သား ၁ဝ ယောက်ထွက် ပြေးသွားတာပါ'' ဟု မော်ကျွန်းမြို့မစခန်း မှူးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

ထွက်ပြေးသွားသော တရားခံ များမှာ ဖြိုးအောင်(ခ)ပြည့်စုံ (၁၆နှစ်)၊ သန်းထွန်း (၃၇နှစ်)၊ ထွန်းထွန်းဝင်း (၂၄နှစ်)၊ စိုးပိုင်(၁၉နှစ်)၊ မျိုးလွင် (ခ) မျိုးမျိုး (၄၃နှစ်)၊ ကြည်စိုး(၂၉)နှစ်၊ ကိုမျိုး(ခ)မျိုးဆန်း(၂၅နှစ်)၊ ဌေးဝင်း (၄၆နှစ်)၊ ရဲသွေးအောင်(ခ)ဌေးလွင် (၃၅နှစ်)နှင့် အောင်ဆန်းဦး(၂၁နှစ်) တို့ဖြစ်ကြောင်း သိရသည်။

သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မော်ကျွန်းအချုပ်ခန်းမှ အချုပ်သား ၁ဝ ဦး ထွက်ပြေးသဖြင့် ရှာဖွေလျက်ရှိ မော်ကျွန်းအချုပ်ခန်းမှ အချုပ်သား ၁ဝ ဦး ထွက်ပြေးသဖြင့် ရှာဖွေလျက်ရှိ Reviewed by THITHTOOLWIN on 11:46 Rating: 5
Powered by Blogger.