တာချီလိတ် ရေမြုပ်

တာချီလိတ်မြို့က အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှာ သြဂုတ်လ ၁၈ ရက်နေ့က ရေကြီးနေတာကို တွေ့ရစဉ်။ Photo: Tammy Soe
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ ရေနစ်မြုပ်နေတဲ့အတွက် လူဦးရေ နှစ်ထောင်ကျော် ရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။

တာချီလိတ်မြို့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း နဲ့ မယ်ခေါင် ရပ်ကွက်တွေထဲကို ရေဝင်ရောက် လာတာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က ပြောပါတယ်။

"မယ်ဆိုင်ချောင်းကလည်း ချောင်းဖျားမှာ မိုးကြီးတဲ့အခါကြတော့ ချောင်းရေ ပိုများလာတယ်၊ နောက် မယ်ခေါင်မြစ်ကလည်း အောက်မှာ သာမာန်ရေစီးမြစ်ထက် ၁ ပေနဲ့ ၈ လက်မလောက် တက်လာတဲ့ အခါကြတော့ အောက်ကရေတောင့်တယ် အပေါ်က ရေဆင်းတာများတဲ့အခါကြ တော့ အခုလက်ရှိ ကျနော်တို့ တာချီလိတ်မြို့တွင်း ရေဝင်ရောက်မှုဖြစ်တာပေါ့၊ တချို့နေရာလည်း လေးပေလောက် တချို့နေရာလည်း ငါးပေလောက် တချို့လည်း ခြောက်ပေ ဝန်းကျင်လောက်တော့ ရေတက်ပါတယ်ဗျ၊ ထိခိုက်ဒဏ်ရာရမှုမရှိဘူး၊ သေဆုံးတာလည်း မရှိဘူး၊ နောက်ပျက်စီးဆုံးရှုံးမှုကြတော့ ကျနော်တို့မှန်းလို့ မရသေးဘူးပေါ့နော်၊ လက်တလောမှာ အိမ်ခြေ အားလုံးပေါင်း ၇၁၀ ဗျ ပျမ်းမျှကတော့ ကျနော်တို့ သုံးယောက်လောက်နဲ့ တွက်ပါတယ်။ လူဦးရေ ၂၁၀၀ လောက်ပေါ့ မိသားစုဝင် အဲ့လိုမှန်းလိုက် ပါတယ်။"

သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေကလည်း တာချီလိတ်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြို့တွင်းနေရာတချို့မှာ အခုလို ရေကြီးမှု ဖြစ်ပေါ်ခဲ့ပေမယ့် ခဏအတွင်းမှာ ရေပြန်ကျသွားခဲ့ပြီး အခုတစ်ကြိမ်ရေကြီးမှုက ပိုများပြီးချက်ချင်းရေမကျပဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လောလောဆယ် ရေဘေးသင့်ပြည်သူတွေကို တာချီလိတ်မြို့မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေ အပါအ၀င် အရံမီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေက အကူအညီတွေပေးနေပြီး သောက်ရေ နဲ့ ထမင်းထုတ်တွေလည်း လိုက်လံဝေငှပေးနေတယ်လို့ ဦးတင်ဝင်းရွှေ က ပြောပါတယ်။

ဒီကနေ့ညနေ ၂ နာရီလောက်မှာတော့ ရေကြီးမှုဟာ တန့်သွားခဲ့ပေမယ့် မိုင်းဆတ်မြို့နယ် မယ်ဆိုင်ချောင်းဖျားမှာ မိုးထပ်မံရွာသွန်းမယ့် အခြေအနေရှိတာကြောင့် ရေထပ်ကြီးလာနိုင်တဲ့ အနေအထားရှိနေတယ်လို့လည်း မြို့ခံပြည်သူတွေက ခန့်မှန်းနေကြပါတယ်။

လက်ရှိ တာချီလိတ်မြို့မှာတော့ တာလော့ဈေးကို ပိတ်ထားလိုက်ရပြီး အရောင်းအဝယ်တွေလည်း ရပ်ဆိုင်းသွားခဲ့ တယ်လို့ တာချီလိတ်မြို့ခံ ဦးတင်မြင့်ဝင်း က ပြောပါတယ်။

"ဟုတ်ကဲ့ ရေကြီးတာကတော့ တော်တော်လေးများတယ်ဗျ၊ အနိမ့်ပိုင်းရပ်ကွက်တွေက မြုပ်နေတယ်။ ပုန်းထုန်ရပ်ကွက်မှာဆိုရင် ခါးလောက်ကို မြုပ်နေတယ်။ အနှိမ့်ပိုင်းတွေ အကုန်လုံးပေါ့နော်၊ တာလော့ဈေး နောက် တံတားနားက ရွှေနန်းတော်ကုန်တိုက် အကုန်လုံး ရေမြုပ်ပါတယ်။ အရောင်း အဝယ်တွေကတော့ နားထားရတာပေါ့ဗျား၊ ဈေးမထွက်နိုင်ပါဘူးဗျနော်။ ပျက်စီးဆုံးရှုံးမှု ကတော့ မြေပြိုတာတွေ ရှိတယ်ဗျာ၊ ပျက်စီးဆုံးရှုံးမှုကတော့ များပါတယ် ပုန်းထုန်ရပ်ကွက်မှာ များပါတယ်။ ငွေတောင်ဦးကမ္မဌာန်းကျောင်း အဲဒီဘေးနားက တောင်ကပြိုလို့ အဆောက်အဦး ပျက်သွားတယ် ကလေးတစ်ယောက် ဒဏ်ရာရတယ်။ ခုတော့ နည်းနည်းတန့်သွားပါပြီး။"

ရေဘေးဒုက္ခသည်တွေအတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချပေးထားဖို့ မြို့နယ်တာဝန်ရှိ သူတွေက ပြင်ဆင်ထားတာရှိပေမယ့် ရေဘေးသင့်ပြည်သူချို့ကတော့ နီးစပ်ရာ ဆွေးမျိုးအိမ်တွေမှာ ပြောင်းရွှေ့နေ ထိုင်တာရှိသလို တချို့ကတော့ ရေအတက်အကျကို စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
တာချီလိတ် ရေမြုပ် တာချီလိတ် ရေမြုပ် Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.