မယ်ဆိုင်ချောင်းရေ တက်သဖြင့် တာချီလိတ်တွင် အိမ်ခြေ ၆၀၀ ကျော်အတွင်းသို့ ရေများဝင်ရောက်မှု ခံလိုက်ရ


မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေတက်သဖြင့် မြို့ပေါ်ရပ်ကွက်များ အနက် ရပ်ကွက်(၈)ခုမှ အိမ်ခြေ (၆၀၀)ကျော် ရေလွှမ်းမိုးခံခဲ့ရသည့် အတွက် တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းပြီး ကူညီမှုလုပ်ငန်းများနှင့် ရေကင်းစောင့်ခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။


ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် အရေးပေါ်ကူညီမှုများအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးနှင့် အရာရှိ စစ်သည်များ၊ တပ်မတော်သားများကလည်း ကူညီလုပ်ဆောင်ပေးနေကြပြီး အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများဖြစ်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအပြင် ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများလည်း ပါဝင်ဆောင်ရွက်နေကြကာ ညပိုင်းတွင် ရေတက်သည့်အခြေအနေအား တာဝန်ခွဲ၍ စောင့်ကြည့်နေကြောင်း သိရသည်။


တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ်လ(၁၈)ရက်နေ့ နံနက်အစောပိုင်းမှစ၍ တောင်ကျရေများနှင့်အတူ နမ့်ယွန်းချောင်းရေနှင့် မယ်ဆိုင်ချောင်းရေတို့ တက်လာခဲ့ခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုကြောင့် နေအိမ်များအတွင်း ရေဝင်ပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် မိန်းခလုတ်များ ချထားရန်၊ ရေနှင့်အတူ မျောပါလာတတ်သည့် အဆိပ်ရှိသတ္တဝါများကို သတိထားရန်လိုအပ်ပြီး အရေးပေါ်အခြေအနေများတွင် သက်ဆိုင်ရာအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက အကူအညီပေးရန် အဆင်သင့်ပြင်ဆင်ထားကြောင်း သိရသည်။


လျှပ်စစ်မီးနှင့် ပတ်သက်၍ အန္တရာယ်ကင်းစေရေးအတွက် သြဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းမှစ၍ တာချီလိတ်မြို့ပေါ်မှ ရေကြီးရေလျှံဖြစ်နေသည့် ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း ၊ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက်နှင့် မြို့ပတ်လမ်းတစ်လျှောက်အား လျှပ်စစ်မီးခေတ္တ ဖြတ်တောက်ထားပြီး ရေကျသွားသော ရပ်ကွက်များကို အပိုင်းလိုက် လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်လွှတ်ပေးနေကြောင်း သိရသည်။

ရေကျသည့် ရပ်ကွက်အလိုက် လျှပ်စစ်မီး လွှတ်ပေးရန် မြို့မီးလင်းရေးကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်လံကြည့်ရှု စစ်ဆေးပေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရပ်ကွက်အလိုက် ရေကြီးရေလျှံမှုဖြစ်ပွားနေမှုမှာ အများဆုံးဖြစ်သည့် တာလော့ရပ်ကွက်တွင် အိမ်ခြေ (၂၃၄)၊ အနည်းဆုံးဖြစ်သည့် မကာဟိုခမ်းရပ်ကွက်တွင် အိမ်ခြေ (၈)ဖြစ်ပြီး ပုန်းထွန်ရပ်ကွက်တွင် အိမ်ခြေ(၉၁)၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် အိမ်ခြေ (၁၁၀)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် အိမ်ခြေ (၅၀)၊ မယ်ခေါင်ရပ်ကွက်တွင် အိမ်ခြေ (၃၉)လုံး၊ ရန်အောင်မြေရပ်ကွက်တွင် အိမ်ခြေ (၄၈)နှင့် ဝိန်းကျောက်ရပ်ကွက်တွင် အိမ်ခြေ (၅၂)ရှိသဖြင့် စုစုပေါင်း (၆၃၂)တွင် အိမ်ထောင်စုပေါင်း (၇၁၄)စုမှ လူဦးရေ (၂၉၁၆)ဦး ရှိနေကြောင်း သိရသည်။

မယ်ဆိုင်ချောင်းရေသည် သြဂုတ်လ (၁၈)ရက်နေ့တွင် နံနက် (၈)နာရီခွဲက ရေအမှတ် (၄၃၀)စင်တီမီတာအထိ အမြင့်ဆုံးတက်လာပြီး ညနေ (၆)နာရီတွင် ရေအမှတ် (၃၅၈)စင်တီမီတာတွင် ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်
Tachileik News Agency
http://www.tachileik.net

မယ်ဆိုင်ချောင်းရေ တက်သဖြင့် တာချီလိတ်တွင် အိမ်ခြေ ၆၀၀ ကျော်အတွင်းသို့ ရေများဝင်ရောက်မှု ခံလိုက်ရ မယ်ဆိုင်ချောင်းရေ တက်သဖြင့် တာချီလိတ်တွင် အိမ်ခြေ ၆၀၀ ကျော်အတွင်းသို့ ရေများဝင်ရောက်မှု ခံလိုက်ရ Reviewed by THITHTOOLWIN on 06:51 Rating: 5
Powered by Blogger.