ပိတ်မိနေတဲ့ မန်တုန်မြို့မှာ ဒေသခံတွေ ဒုက္ခရောက်နေ

သြဂုတ်လ ၈ရက်မှာ တပ်မတော်နဲ့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့တဲ့ TNLA တပ်များ
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့အဝင်နားမှာ တပ်မတော် ယာဉ်တန်း တစ်ခု တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် လူယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မန်တုန် ဖက်ကို တပ်ရွေ့လာချိန်မှာ လမ်းမှာ ခြုံခို တိုက်ခိုက်ခံရတာလို့ မန်တုံမြို့နယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လဲဖြစ် ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ဦးမိုင်းသိန်းဇော် က ပြောပါတယ်။

မန်တုန် အထွက် သုံးမိုင်မှာ တအာန်း လက်နက်ကိုင် အဖွဲ့တွေက တပ်မတော် ယာဉ်တန်းကို ဆွဲမိုင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယာဉ်တန်းပါ ကားသုံးစီး ပျက်စီး သွားပြီး တစီးကတော့ လုံးဝ မီးလောင်သွားတယ်လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ဆိုပါတယ်။

အဲဒီနောက် တပ်မဟာ ၇၇ က တပ်ရင်းထိုးထားပြီး မြို့ထဲကနေ လူတွေကို ဘယ်မှ မထွက်ခိုင်းတာ သြဂုတ်လ ၅ ရက်ကတည်းက အခုလို လေးရက်ကြာသွားခဲ့ပြီလို့ သူက ပြောပါတယ်။

ဒေသခံတွေ အနေနဲ့ သင်တန်းတက်ဖို့ စာသင်ဖို့ ကိစ္စတွေ အပြင် ဌာန ဆိုင်ရာတွေ အနေနဲ့ အစည်းအဝေး တက်ဖို့တောင် ဒုက္ခရောက်နေသလို ဈေးရောင်း ဈေးဝယ်ဖို့တောင် ခက်နေတယ်လို့ ဆိုပါတယ်။

မြို့တွင်းကို အ၀င် လက်ခံပေမယ့် မြို့ထဲကနေ ဘယ်သူကိုမှ ပြန်မထွက်ခိုင်းဘဲ ညရှစ်နာရီ နောက်ပိုင်း ဘယ်မှပေးမသွားဘူးလို့ သတင်းရရှိပါတယ်။

လက်ရှိတော့ မြို့ပေါ်မှာ တပ်မတော်က တအိမ်တက်ဆင်း ရပ်ကွက် သုံးခုလုံးကို လိုက်စစ်နေပြီး အိမ်ထောင်စု တခုချင်းစီ အလိုက် မိသားစု ဓါတ်ပုံရိုက် မှတ်တမ်းယူမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သြဂုတ်လ ၇ ရက်နေ့က ဗျူဟာမှူးကို မေးထားပြီး ဂိတ်ဖွင့်ဖို့ မေတ္တာ ရပ်ခံခဲ့ပေမယ့် ခုထိ ဘာမှ မထူးသေးဘဲ နက်ဖြန် သြဂုတ်လ ၁၀ ရက် အထိ မဖွင့်ဘူး ဆိုရင် နယ်လုံ ဝန်ကြီး အထိ ဖုန်းဆက် အသိပေးသွားဖို့ ရှိတယ်လို့ ဦးမိုင်းသိန်းဇော် က ပြောပါတယ်။

ဒေသခံတွေ အနေနဲ့ ထွက်မရဖြစ်နေပြီး နမ္မတူ လားရှိုးဖက်ကနေ လှည့်သွားနေရလို့ အခက်အခဲတွေနဲ့ ကြုံနေရပြီး မန်တုန် ငါးမိုင်အကွာက ဖျားနာနေတဲ့ အသက် ၇၈ အရွယ် အဖိုးကြီး အသည်းအသန် ဖြစ်တဲ့ ကိစ္စမှာ ဆိုရင် နမ့်ဆန် ဖက်ကနေ ပတ်ကာ ဆေးရုံပို့ပေးရတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ ဒုက္ခသည်အရေအတွက် တိုးလာနေတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပိတ်မိနေတဲ့ မန်တုန်မြို့မှာ ဒေသခံတွေ ဒုက္ခရောက်နေ ပိတ်မိနေတဲ့ မန်တုန်မြို့မှာ ဒေသခံတွေ ဒုက္ခရောက်နေ Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.