နာဂလက်နက်ကိုင်အဖွဲ့ ခေါ်ဆောင်သွားသော ကျားကိုက်ကျေးရွာသားသုံးဦး ပြန်လည် လွှတ်မြောက်လာ


သြဂုတ် ၂၀ ၊ ခန္တီး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာသားသုံးဦးကို သြဂုတ်လ ၁၆ ရက်နေ့ညက နာဂလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားရာ သြဂုတ်လ ၁၇ ရက်နေ့တွင် ပြန်လည် လွှတ်မြောက်လာခဲ့ကြောင်း ပြန်လည်လွှတ်မြောက်လာသူ တစ်ဦးဖြစ်သည့် ဦးဇော်မိုးက ရှမ်းနီအသံကို ပြောကြားသည်။

" ကျွန်တော်တို့ ဆယ်နာရီလောက်မှာ ကျွန်တော်နဲ့ သိန်းလွင်ဆိုတဲ့ အသိတစ်ယောက်နဲ့ ထိုင်နေတုန်း တစ်ယောက်မှ မလုပ်နဲ့ဆိုပြီးတော့မှ ပြေးဝင်လာတာ။ ပျောက်ကျားဝတ်စုံတွေနဲ့ လက်နက်ကိုယ်စီနဲ့ ။" ဟု ဖမ်းဆီးခံခဲ့ရသည့် အခြေအနေကို ဦးဇော်မိုးကပြောကြားသည်။

ဦးဇော်မိုး၏ သူငယ်ချင်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးဇော်မိုးတစ်ဦးသာ အဆိုပါနေရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

ဖမ်းဆီးသွားသူများသည် ၎င်းတို့၏ ယာယီစခန်းတဲရှိရာသို့ ကြိုးများဖြင့်တုပ်နှောင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ရိုက်နှက်မှုများလည်း ရှိကြောင်း သိရသည်။

ဖမ်းဆီးသွားသော လက်နက်ကိုင်အဖွဲ့ဝင်များသည် နာဂဘာသာစကားကိုသာ ပြောဆိုကြကြောင်းလည်း ၄င်းကပြောသည်။

လက်နက်ကိုင် အဖွဲ့များသည် ဦးဇော်မိုးအပြင် ဦးစိန်ဝင်းနှင့် မောင်ယောတို့အားလည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

" ကျွန်တော့်ကို အရင်ဖမ်းခေါ်သွားတယ်။ နောက်မှ စိန်ဝင်းတို့ ရောက်ခဲ့တယ်ဗျ။ ကျွန်တော့်ကို ခေါ်တဲ့အချိန်မှာ ညဆယ်နာရီလောက်ရှိမယ် ။ သူတို့ကို ခေါ်တာက ၁ နာရီလောက်ရှိပြီတဲ့ဗျ။ နောက်နေ့ သုံးနာရီခွဲလောက်မှာ ပြန်လွှတ်လိုက်တယ်ဗျ။" ဟု ဦဇော်မိုးကပြောကြားသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့များသည်ငွေဖြင့်လာရောက်ရွေးယူရန်လည်းအကြောင်းကြားခိုင်းခဲ့ကြောင်းသိရသည်။

"နှစ်ဆယ့်ငါးသိန်းစာရေးပြီးတောင်းတယ်ဗျ။ စာက ကျွန်တော်တို့ ကိုယ်တိုင်ရေးရတာ။" ဦးဇော်မိုးက ပြောကြားသည်။

သက်ဆိုင်ရာမှ လိုက်လာသည့် သတင်းကိုရရှိခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
"စစ်တပ်ချီတက်လာပြီ မင်းတို့လည်းသွားတော့ ငါတို့လည်း သွားတော့မယ်ဆိုပြီး လွှတ်လိုက်တာဗျ။" ဟု ၎င်းက ပြောကြားသည်။

ဖမ်းဆီးခံရသည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် သက်ဆိုင်ရာမှ အဖွဲ့အစည်းအား အတည်မပြုသေးကြောင်း ခန္တီးမြို့နယ်အတွင်းရှိ ဆရာတော်တစ်ပါးက ရှမ်းနီအသံဂျာနယ်သို့ မိန့်ကြားသည်။

အဆိုပါ ဒေသသည် NSCN-K နာဂလက်နက်ကိုင်၏ လှုပ်ရှားနယ်မြေတစ်ခုဖြစ်ပြီး မကြာခဏ ဆက်ကြေးကောက်ခံခြင်း အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းမှတ်တမ်း များအရ သိရသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
နာဂလက်နက်ကိုင်အဖွဲ့ ခေါ်ဆောင်သွားသော ကျားကိုက်ကျေးရွာသားသုံးဦး ပြန်လည် လွှတ်မြောက်လာ နာဂလက်နက်ကိုင်အဖွဲ့ ခေါ်ဆောင်သွားသော ကျားကိုက်ကျေးရွာသားသုံးဦး ပြန်လည် လွှတ်မြောက်လာ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.