ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုတွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ထုတ်ပြန်


နိရဉ္စရာ၊ သြဂုတ် ၁၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု (၁၁) အုပ်စုတွင် ညမထွက်ရ အမိန့် ပုဒ်မ (၁၄၄) ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ လက်မှတ်ရေးထိုးပြီ သြဂုတ်လ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။

ပုဒ်မ (၁၄၄) ထုတ်ပြန်ခံရသည့် ကျေးရွာ အုပ်စုများမှာ မယူကမ်းဒေသရှိ ဖက်လိပ်ကျေးရွာအုပ်စု၊ သိမ်တောင် ကျေးရွာအုပ်စု၊ ချွတ်ပြင်ကျေးရွာ အုပ်စု၊ အောက်နန်းရာ ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာ အုပ်စု၊ စေတီပြင်ကျေးရွာ အုပ်စု၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စု၊ ပေါက်ပင်ရင်း ကျေးရွာအုပ်စု၊ ခွဆုံကျေးရွာအုပ်စု၊ ပန်းဖော်ပြင် ကျေးရွာအုပ်စုနှင့် ကိုးတန်ကောက် ကျေးရွာအုပ်စု တို့ ဖြစ်ကြသည်။

ရသေ့တောင်မြို့နယ် အောက်နန်းရာ ကျေးရွာအုပ်စု အောက်နန်းရာ ကျေးရွာတွင် ပုဒ်မ (၁၄၄) ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး၏ စာထဲတွင် ၂၀၁၇ ခုနှစ် သြဂုတ် (၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စေတီပြင် နယ်ခြားစောင့်တပ်ဖွဲ့မှ ကျေးရွာအတွင်း တရားခံ ၀င်ရောက်ဖမ်းဆီးစဉ် ဖမ်းဆီးတရားခံ (၆) ဦးအား အင်အား (၆၀၀) ကျော်ခန့်ဖြင့် အုပ်စုဖွဲ့ ၀င်ရောက် လုယက်ခြင်း၊ လုံခြုံရေး အဖွဲ့များအား တုတ်၊ ဓါး၊လှံ။ ဂျက်ဂလိများ ကိုင်ဆောင် ပစ်ခတ်ခြင်းကြောင့် ဖမ်းဆီး တရားခံ ၆ ဦးအနက် ၂ ဦးပြန်လည် လွတ်မြောက်သွားခဲ့ပြီး နယ်မြေ မတည်မငြိမ်ဖြစ်ကာ နှစ်ဖက် အုပ်စု အကြား အဓိဂရုဏ်းဖြစ်မည့် ရောက်ရှိခဲ့ကြောင်း ဖော်ပြသည်။

သို့ပါ၍ အများပြည်သူလူထု တည်ငြိမ်အေးချမ်းရေး အတွက် အများပြည်သူ သွားလာ အသုံးပြုနေသည့် လမ်းများ၊ လမ်းမကြီး၊ လမ်းဆုံ လမ်းသွယ်၊ လမ်းကြို လမ်းကြား၊ အများပြုသူ သွားရာလမ်း (သို့မဟုတ်) အများ ပြည်သူနှင့်ဆိုင်သော စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘုရားကျောင်း၊ ဗလီစသည့် နေရာများတွင် (၅) ဦး(သို့မဟုတ်) ၅ ဦးထက်ပိုသော လူများစုဝေးခြင်း မပြုရန်နှင့် ည (၂၁:၀၀) နာရီမှ နံနက် (၀၅း၀၀) နာရီ ကာလအတွင်း ညမထွက်ရအမိန့်ကို ရာဇ၀တ်ကျင့်ထုံး ဥပပေပုဒ်မ (၁၄၄) အရ ထုတ်ဆင့်လိုက်သည်ဟု ပါရှိသည်။

၎င်းအမိန့်မှာ သြဂုတ် ၁၁ ရက်နေ့မှ စ၍ (၂) လ အတွင်းအတည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုတွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ထုတ်ပြန် ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုတွင် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ထုတ်ပြန် Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.