သမိုင်းဝင် သန်လျင်ရေနံချက်စက်ရုံကြီး အပြီးပိတ်ပစ်လိုက်တော့မှာလား


 သြဂုတ် ၁၂၊ ၂၀၁၇

သန်လျင်ရေနံချက်စက်ရုံကြီး လည်ပတ်မှု လုံးဝ ရပ်ဆိုင်းလိုက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် အဲဒီစက်ရုံကို အမှီပြု ရပ်တည်နေရတဲ့ ဝန်ထမ်းတွေ အကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတယ်လို့ ကြားသိရပါတယ်။

တနိုင်ငံလုံးမှာ ရှိတဲ့ အရှုံးပေါ်နေတဲ့ စက်ရုံ ၂၈ ရုံကို ပိတ်ပစ်ဖို့ အစိုးရက စီစဉ်နေတာ ဖြစ်ပြီး အဲဒီအထဲမှာမှ စွမ်းအင်ဝန်ကြီးဌာန လက်အောက် စက်ရုံ ၄ ရုံအနက် သန်လျင်ရေနံချက်စက်ရုံဟာလည်း ပိတ်ပစ်ခံမယ့် အထဲ တခုအပါအဝင် ဖြစ်နေတာပါ။

ဒီသတင်းဟာ စွမ်းအင်ဝန်ကြီးဟောင်းရဲ့ လက်ထက်မှာ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေဆီက စက်ရုံ ပိတ်သင့် မပိတ်သင့် ဆန္ဒခံယူမှုတွေပဲ ပြုလုပ်နေသလိုလို၊ စက်ရုံကို ပုဂ္ဂလိက ပေးမှာဖြစ်ပြီး ပုဂ္ဂလိက လက်အောက်မှာ ဆက်လက် အလုပ်လုပ်လိုခြင်း ရှိမရှိ မေးမြန်းခံနေရသလိုလို စတဲ့ ကောလာဟလ တွေလည်း ဝန်ထမ်းတွေရဲ့ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စက်ရုံပိတ်မယ်၊ ဝန်ထမ်းတွေအနေနဲ့ ပြောင်းကြမလား၊ ပင်စင်ယူမလား ဆိုတဲ့ သဘောထားကောက်ခံတဲ့ ဖောင်ကို ဖြည့်ခိုင်းရာမှာ ဝန်ထမ်းတွေက မဖြည့်ကြဘူးလို့ သိရပါတယ်။

ဒါပေမယ့် တကယ့် သတင်းအတိအကျ စက်ရုံပိတ်မပိတ် ဆိုတာကတော့ ဘာလဲဆိုတာ သေသေချာချာ ဘယ်သူမှ မပြောနိုင်ခဲ့ပါဘူး။
သန်လျင်ရေနံချက်စက်ရုံကို အမှီသဟဲပြု အလုပ်လုပ်နေတဲ့ ဝန်ထမ်း၊ အရာထမ်း မိသားစု စုစုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ သိရတယ်။
အဲဒီမိသားစုတွေနဲ့ ဆက်နွှယ်ပတ်သက်သူတွေ၊ သားမက်၊ ချွေးမတွေပါ ရေနံလိုင်းခန်းတွေမှာ မှီခို နေထိုင်နေကြတဲ့အတွက် လူပေါင်း ၃၊ ၄ ထောင်လောက်ဟာ ရေနံရပ်ကွက်မှာ မှီခို နေထိုင်နေတယ်လို့ ပြောနိုင်ပါတယ်။

အမှန်တော့ သန်လျင်ရေနံချက်စက်ရုံကြီးဟာ ဆယ်စုနှစ် ၁ ခုကျော်ကျော်လောက် အရှုံးပေါ်ခဲ့ပြီး အုပ်ချုပ်ရေး အဆင့်ဆင့်မှာ ပရမ်းပတာ ဖြစ်ခဲ့တာ သန်လျင်သူသန်လျင်သား အားလုံး သိပြီး ဖြစ်ပါတယ်။ ဒီလို အရှုံးပေါ်ခဲ့တာကလည်း ထိပ်ဆုံးကနေ အောက်ခြေနေ့စား ဝန်ထမ်းတွေအထိ၊ လုံခြုံရေးအဆုံး ရေနံထွက်ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ ခိုးထုတ်သုံးစွဲခဲ့တဲ့ အကြောင်းရင်းတရပ်က အဓိက ကျလှပါတယ်။ နောက်တခုကတော့ လူမှန်နေရာမှန် မဟုတ်တဲ့ အုပ်ချုပ်သူတွေကို အစားထိုးခန့်ထားတာကြောင့် ဖြစ်တယ်လို့ ရေနံအသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

အခုအချိန်မှာ စက်ရုံပိတ်တော့မယ်ဆိုတော့ အားလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်ကြပါပြီ။

ရေနံချက် စက်ရုံရဲ့ လခစား ဝန်ထမ်းတော်တော်များများဟာ လိုင်းခန်းတွေမှာ နေထိုင်ခွင့် ရကြတဲ့အတွက် မိသားစု နေရေးထိုင်ရေး မပူပင်ရပါဘူး။ စက်ရုံပိတ်လိုက်မယ် ဆိုရင် အားလုံး အလုပ်လက်မဲ့ ဖြစ်သွားကြ တော့မယ့် အပြင် နေစရာနေရာပါ ပျောက်ဆုံးကုန်ကြတော့မှာ ဖြစ်တဲ့အတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မေးစရာရှိတာက ဒီစက်ရုံကြီးကို စနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်း အရှုံးမပေါ်အောင် ပြန်လည် လည်ပတ်လို့ မရနိုင်ဘူးလား၊ သမိုင်းတခေတ်ရှိခဲ့တဲ့ စက်ရုံကြီး လုံးဝ ရပ်လိုက်ပြီးသွားရင် ဘာဆက်လုပ်မလဲ၊ ဒီမှာ မှီခိုနေတဲ့ ဝန်ထမ်းထောင်ကျော် အတွက် ဘယ်လို အစီအစဉ်တွေ လုပ်ပေးမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

သန်လျင်ရေနံချက် စက်ရုံကြီးဟာ ၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှသိမ်းပိုက်ခဲ့ပြီး ၂၀ ရာစု အစောပိုင်းကာလကတည်းက စတင်တည်ဆောက်ခဲ့တဲ့ စက်ရုံကြီးဖြစ်ပါတယ်။ ရေနံထွက်တဲ့ မြန်မာပြည် အလယ်ပိုင်းနဲ့ ရေလမ်းခရီးဆက်သွယ်ကာ အင်္ဂလိပ်တွေက မြန်မာပြည်ရဲ့ ပထမဆုံး ရေနံချက် စက်ရုံကြီး အဖြစ် တည်ဆောက်ခဲ့ပါတယ်။ အဲဒီကတည်းက သန်လျင်သူသန်လျင်သား အများစုဟာ ရေနံဝန်ထမ်းများ အဖြစ် သားစဉ်မြေးဆက် လုပ်ကိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်မှာ ရေနံချက် စက်ရုံကြီးပျက်စီးသွားခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ စက်သစ်တွေ ထပ်မံတပ်ဆင်ကာ သန်လျင်နဲ့ မန်းရေနံမြေကို ဆက်သွယ်တဲ့ ရေနံပိုက်လိုင်းတွေ အပြီး တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ရေနံ ဝန်ထမ်းဟောင်းကြီးတွေ၊ ရေနံ အရာရှိ ဟောင်းကြီးတွေဟာ ရေနံချက်စက်ရုံထဲက သူတို့ကိုင်တွယ်ခဲ့ရတဲ့ စက်ကိရိယာတွေ အကြောင်းကို အူမချေးခါးမကျန် သိရှိကြပြီး ပင်စင်ယူသွားတဲ့ အရာရှိဟောင်းကြီးတွေကို ပြန်လည်ခေါ်ယူ မေးမြန်း၊ ပညာယူကြရတာတွေလည်း ရှိခဲ့တယ်လို့ ကြားသိရဖူးပါတယ်။

ဗြိတိသျှကို တော်လှန်ခဲ့ကြရာမှာ သန်လျင်က ရေနံဝန်ထမ်းတွေ တာဝန်ကျေခဲ့သလို၊ ၁၉၈၈ ခုနှစ် တပါတီစနစ်ကို တော်လှန်ခဲ့ရာမှာလည်း သန်လျင် သပိတ်ဟာ ရေနံချက်စက်ရုံအဝင်ဝကနေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၈ လေးလုံး လူထုအုံကြွမှုကြီး နောက်ပိုင်းမှာ သပိတ်မှာ ပါဝင်ခဲ့ကြတဲ့ ရေနံအရာရှိတချို့ အလုပ်ပြုတ်၊ တချို့ ပင်စင်ပေးခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

၈ လေးလုံး လူထုတော်လှန်ရေးကြီး မတိုင်ခင်အထိ သန်လျင်ရေနံချက်စက်ရုံဟာ ရုံးတက်၊ ရုံးဆင်းချိန်၊ ဂျူတီချိန်းချိန်တွေမှာ ဥသြသံသာခဲ့ပါတယ်။ စက်ရုံက ဥသြသံကို သန်လျင်သူသန်လျင်သားတွေ နားစွင့်ပြီး အချိန်တခုကို ပြောနိုင်ခဲ့ပါတယ်။ အဲဒီ ဥသြသံနဲ့အတူ လမ်းလျှောက်သွားတဲ့ အလုပ်သမားတွေ၊ စက်ဘီးတွေနဲ့ အလုပ်သမားတွေကို သန်လျင်လမ်းမတွေမှာ ပုံမှန်တွေ့မြင်ကြရပါတယ်။ အဲဒီ ကာလတွေက အာဇာနည်နေ့တိုင်းရဲ့ ဗိုလ်ချုပ်တို့ကျဆုံးချိန်မှာ ရေနံချက်စက်ရုံက ဥသြဆွဲပေးတာကို သန်လျင်သူ သန်လျင်သားတွေ မှတ်မိကြဦးမှာပါ။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလ တလျှောက်လုံးကနေ အခုအချိန်အထိ အဲဒီဥသြသံကို သန်လျင်သူ သန်လျင်သားတွေ မကြားကြရတော့ပါဘူး။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမွေးတဲ့ လူငယ် လူလတ်တွေ ဆိုရင် ရေနံစက်ရုံက ဥသြသံဆိုတာ ပုံပြင်တပုဒ်လို ပြန်ပြောပြရမယ့် အနေအထား ဖြစ်ပါတယ်။ ရေနံချက်စက်ရုံ ဥသြသံ ဆိတ်သုဉ်းသွားပြီးနောက် တပ်မတော်အစိုးရ လက်ထက် တလျှောက်လုံးမှာတော့ ပရမ်းပတာ စီမံခန့်ခွဲမှု တွေနဲ့ ရေနံချက်စက်ရုံကြီး တောက်လျှောက် အရှုံးပေါ်ခဲ့ပါတော့တယ်။ အများပိုင် ရေနံထွက် ပစ္စည်းတွေဟာ ကိုယ်ပိုင်ပစ္စည်းတွေလို နည်းမျိုးစုံနဲ့ ထုတ်ယူသုံးစွဲခြင်း ခံရပြီး စက်ရုံကြီး လုံးပါးပါးခဲ့ရပါတယ်။ ဒါ့အပြင် ကျွမ်းကျင်မှု မရှိတဲ့ အုပ်ချုပ်သူတွေ၊ အရာရှိတွေကို အစားထိုး ခန့်ထားခဲ့ တာဟာလည်း စက်ရုံကြီး အရှုံးပေါ်ရတဲ့ အကြောင်းရင်းတရပ် ဖြစ်ခဲ့ပါတယ်။

မကြာသေးခင်ကတော့ စွမ်းအင်ဝန်ကြီး အပြောင်းအလဲ ဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးသစ် ဦးဝင်းခိုင်ကိုယ်တိုင် စက်ရုံကို လာရောက်ကြည့်ရှုကာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးကတော့ အားလုံးကို အဆင်ပြေအောင် လုပ်ပေးပါမယ်လို့ တာဝန်ရှိသူတွေကို ပြောခဲ့ကြောင်း ရေနံအဝန်းအဝိုင်းက ကြားသိ ရပါတယ်။

သန်လျင်ရေနံချက် စက်ရုံရဲ့ ဝန်ထမ်းအများစုကတော့ စက်ရုံကြီးလုံးဝ ပိတ်ပစ်လိုက်မှာကို စိတ်ပူနေကြ ပါတယ်။ ဝန်ကြီးသစ်လက်ထက်မှာ စက်ရုံကို ဖြစ်တဲ့နည်းနဲ့ ဆက်လက်လည်ပတ်ဖို့၊ ကျွမ်းကျင် ဝန်ထမ်း၊ အရာထမ်းတွေနဲ့ အရှုံးမပေါ်အောင် အားလုံး ဝိုင်းဝန်းကြိုးစားကြဖို့လည်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

သန်လျင်ရေနံချက် စက်ရုံကို သံယောဇဉ်ကြီးတဲ့ အရာထမ်းတချို့ကလည်း စက်ရုံ မပိတ်ရေးအတွက် တတ်နိုင်တဲ့နည်းနဲ့ ကြိုးပမ်းမယ်လို့ ပြောဆိုနေကြပါတယ်။ သေသေချာချာ စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ လုပ်ကိုင်မယ်ဆိုရင် မရှုံးနိုင်ဘူးလို့လည်း သူတို့က ဆိုပါတယ်။

"စက်ရုံကို မပိတ်စေချင်ဘူး။ မိသားစု ထောင်ကျော်ရဲ့ စားဝတ်နေရေးအားလုံး ပရမ်းပတာ ဖြစ်သွားမှာကို တကယ်မလိုလားဘူး။ ဒါပေမယ့် တဖက်က စက်ရုံ မပိတ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ အချိန်မှာ ဝန်ထမ်းအားလုံး၊ အရာထမ်းအားလုံးရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စရိုက်တွေကိုလည်း ပြင်မှ ဖြစ်မယ်" လို့ အမည်မဖော်လိုသူ ရေနံအရာရှိတဦးက ပြောပါတယ်။

မကြာတော့မယ့် အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ဟာ ရေနံချက်စက်ရုံထဲကို ဝင်ရောက် စစ်ဆေးမယ်လို့လည်း သိရပါတယ်။ အဖြေတခုကတော့ ထွက်လာတော့ မှာပါ။

စက်ရုံပိတ်ပစ်တော့မယ် ဆိုတဲ့သတင်းဟာ ဝန်ကြီးဟောင်းလက်ထက်မှာ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဝန်ထမ်းတွေအားလုံး ကျီးလန့်စာစားဘဝ ဖြစ်နေချိန်မှာ လွန်ခဲ့တဲ့ ၁ လကျော်က ဝန်ကြီးအပြောင်းအလဲ ဖြစ်ပြီး စက်ရုံကို ဝန်ကြီးသစ် ဦးဝင်းခိုင်ကိုယ်တိုင် လာရောက်ခဲ့တယ် ဆိုတဲ့သတင်းကြောင့် ဝန်ထမ်းတွေမှာ မျှော်လင့်ချက်ရောင်ခြည် သန်းခဲ့တယ်၊ စက်ရုံမပိတ်ပစ်ဖို့အရေး ဝန်ကြီးကို အားကိုးနေကြတယ်လို့ ရေနံဝန်ထမ်း အသိုင်းအဝိုင်းက ကြားသိရပါတယ်။

တကယ်တော့ သန်လျင်ရေနံချက်စက်ရုံကြီး တခုလုံး၊ အသုံးပြုနေတဲ့ စက်ပစ္စည်းတွေ၊ ရေနံကလပ်၊ ရေကူးကန်နဲ့ ရုံးကြီး၊ ဟိုးတုန်းက ကားတွေ၊ စက်ဘီးဟောင်းတွေ၊ သင်္ဘောတွေ အပါအဝင် အရာထမ်းနဲ့ ဝန်ထမ်း အိမ်ယာတွေဟာ တကယ့်ကို ကြီးမားခန့်ထည်တဲ့ သမိုင်း ဆိုင်ရာ ပြတိုက်ကြီးတခု ဆိုရင်လည်း မမှားပါဘူး။ ကျန်ရှိနေသေးတဲ့ ရေနံဝန်ထမ်းဟောင်းကြီး တွေတောင် သက်ရှိပြတိုက်ကြီးတွေလို့ ပြောလို့ရပါတယ်။

သမိုင်းတခု ရှိခဲ့တဲ့ ရေနံချက်စက်ရုံကြီးကို ဒီအတိုင်း လုံးဝကြီး ရပ်ဆိုင်း ပိတ်ပစ်လိုက်မှာလား၊ ဒါမှမဟုတ် အထက်က အရာရှိတဦးပြောသလို စိတ်ဓာတ်တွေ အမူအကျင့်တွေ အားလုံး ပြုပြင်ပြီး ရေနံချက် စက်ရုံကြီး ဆက်လက်လည်ပတ်ဖို့ အခွင့်အရေး တခု ရလာမလား ဆိုတာတော့ ဆက်လက် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

မြတ်ထင် (သန်လျင်)
The Thanlyin Post Journal
https://www.facebook.com/The-Thanlyin-Post-Journal
သမိုင်းဝင် သန်လျင်ရေနံချက်စက်ရုံကြီး အပြီးပိတ်ပစ်လိုက်တော့မှာလား သမိုင်းဝင် သန်လျင်ရေနံချက်စက်ရုံကြီး အပြီးပိတ်ပစ်လိုက်တော့မှာလား Reviewed by THITHTOOLWIN on 05:50 Rating: 5
Powered by Blogger.