ရခိုင်တိုက်ခိုက်မှု သေသူ အရေအတွက် တိုးလာနေ

ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲတပ်ဖွဲ့ စခန်းတွေကို စစ်သွေးကြွတွေက ဝင်စီးခဲ့လို့ လုံခြုံရေး ဝန်ထမ်း ၁၁ ယောက် အပါအဝင် အနည်းဆုံး လူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။

လပေါင်းများစွာ အတွင်းမှာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ အခု တိုက်ခိုက်မှုတွေမှာ ရဲစခန်း ၂၀ ကျော်ဟာ မွတ်ဆလင် စစ်သွေးကြွတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ အစိုးရက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း ၁ နာရီမှာ မောင်တောခရိုင်ထဲက ရဲစခန်းတခုကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲပြီး တိုက်ခိုက်မှု စတင်ခဲ့ကာ အခြား နေရာအများအပြားက ရဲစခန်းတွေကိုလည်း တပြိုင်တည်း တိုက်ခိုက်ခံခဲတယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခု နှစ်ပိုင်းထဲ ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် လူအမြောက်အမြား ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရ
အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက် အရ တိုက်ခိုက်ခံရတဲ့ ကင်းစခန်းပေါင်း ၃၀ ခု ၊ ကျဆုံးတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး (တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး)၊ ဒု လူဝင်မှုကြီးကြပ်ရေးမှူး ၁ ဦး သေဆုံးပြီး (၄) ဦးဒဏ်ရာရကာ တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦးမှာ ၃ ဦး က စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်း တွေ့ရပြီး အရှင်ဖမ်းမိသူ ၁ ဦး ရှိတယ်လို့ ပြောပါတယ်။

အခု တိုက်ခိုက်မှုတွေမှာ စစ်သွေးကြွ အယောက် ၁၅၀ လောက် ပါဝင်တယ်လို့ ပြောပါတယ်။

နိုင်ငံမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအစိုးရက ဘင်္ဂါလီလို့ သုံးနှုန်းညွှန်းဆိုလေ့ရှိပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ခိုးဝင်လာတဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ အဖြစ် သတ်မှတ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ တုန်းကလည်း အဲဒီဒေသဘက်မှာ အလားတူ တိုက်ခိုက်ခံရပြီး ရဲတပ်သား ၉ ယောက် ကျဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ရခိုင်ပြည်မြောက်ပိုင်းမှာ တပ်မတော်ဘက်က စစ်ဆေးရေးတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှုနဲ့ လိင်အဓမ္မအမှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

မနှစ် အောက်တိုဘာ တိုက်ခိုက်ခံရမှု အပြီး တပ်မတော်က ရခိုင်မှာ စစ်ဆေးရေးတွေ အရှိန်မြှင့်ခဲ့
အစိုးရ အာဏာပိုင်တွေဘက်က ဒီစွပ်စွဲမှုတွေကို တရားဝင် ငြင်းဆိုထားပေမယ့် ကုလသမဂ္ဂကတော့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

ရခိုင်ပြည်နယ်ဟာ မဖွံ့ဖြိုး မတိုးတက်မှု၊ ဆင်းရဲမွဲတေမှုနဲ့ လူမျိုးစု ပဋိပက္ခတွေရဲ့ဒဏ် နှစ်လကြာရှာခံနေရ
သြဂုတ်လ ၂၄ ရက် ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အဆုံးသတ် အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က လူမျိုးစု ပဋိပက္ခတွေကို ဖြေရှင်းမပေးနိုင်ရင် အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်ပြီး ဒါကို ထိန်းချုပ်နိုင်ဖို့ အတွက် အစိုးရက အဲဒီ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်တိုက်ခိုက်မှု သေသူ အရေအတွက် တိုးလာနေ ရခိုင်တိုက်ခိုက်မှု သေသူ အရေအတွက် တိုးလာနေ Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.