မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းအား လူအင်အား ၃၀ဖြင့် ဝင်ရောက်စီးနင်း တစ်ဦးဒဏ်ရာရ မူးယစ်ဆေးဝါးနှင့် ငွေကြေး သိန်း ၅၀ ယူဆောင်သွား


သြဂုတ်​ ၂၅ရက်၊ မားနဂါး၊ နမ့်​ခမ်း။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟင်လုံအုပ်စု၊ မော်တောင်းရွာကျေးရွာရှိ လွယ်ဆောင်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းကို သြဂုတ်လ ၂၄ ရက် ညပိုင်း ၈နာရီခန့်တွင် လူအင်အား ၃၀ခန့််ဖြင့် ဓား၊ ဒုတ်လက်နက်များဖြင့် ဝင်ရောက်စီးနင်းရာ စခန်းအတွင်းရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ငွေကျပ် သိန်း ၅၀ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ရိုက်နှက်ခံရသူ လွယ်ဆောင်သေဒ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်း အတွင်းရေးမှူး မိုင်းညီကျော်မြင့်က “မနေ့ နေ့လည်တုန်းက ကျွန်တော်တို့လူငယ်တွေက ရွာထဲက လင်မယားတို့ဆီမှာ မူးယစ်ဆေးဝါး ယာမ အလုံး ၂ဝဝ ကျော်မိတယ်။ သူတို့ဆီမိတာ ၁၀ ရက်ကျော်အတွင်း သုံးခါတောင်ရှိပြီ။ အဲဒါနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ရဲစခန်းမှာ သွားအပ်ဖို့ပေါ့။ သူတို့ဆွေမျိုးတွေ အများကြီးနဲ့ ကျွန်တော်တို့ကို ရန်လာရှာတယ်။ ရဲစခန်းမပို့လိုက်ရဘူး မိထားတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဒီတိုင်းပဲ ထားလိုက်ရတယ်” ဟု ပြောသည်။
၎င်းည ၈နာရီခန့်တွင် လူအင်အား အယောက် ၃၀ဝန်းကျင်ခန့်က ဒုတ်၊ဓားများကို ကိုင်ဆောင်ပြီး စခန်းတွင် အော်ဟစ်ဆဲဆိုပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းညီကျော်မြင့်က ပြောသည်။

“အဲချိန်မှာ ကျွန်တော်တို့ ကော်မတီ ဆယ်ယောက်ရယ် မူးယစ်ဆေးဝါး ဖျက်တဲ့လူတွေ ၁၀ ကျော်ပဲရှိတယ်။ အဲညမှာပဲ သူတို့ အင်အား ၃၀နဲ့ ကျွန်တော်တို့ကို လာဆဲကြတယ်။ ကျွန်တော့်လူငယ်တွေကို အကုန်ပြေးခိုင်းလိုက်တယ်။ ကျွန်တော်ပဲ ကျန်တော့ သူတို့ ဝိုင်းရိုက်တာ ခေါင်းမှာ တစ်ချက်ခုတ်မိတယ်။ ခါးမှာဒူးမှာရော ထိတယ်။ ဓာတ်မှန်တော့ ရိုက်ထားတယ်။ ရိုက်တဲ့လူတွေက ၄၊ ၅ယောက်လောက်တော့ မှတ်မိတယ်။ ရွာသားတွေပဲ ကျန်တဲ့လူတွေတော့ မှောင်တော့ သေချာမမှတ်မိဘူး” ဟု ဆက်ပြောသည်။


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းကို ဝင်ရောက်စီးနင်းသည့် အဖွဲ့သည် ၎င်းစခန်းရှိ တရုတ်ငွေ ၂၄ဝဝဝ ကျော်(မြန်မာငွေ ၅သိန်းခန့်)၊ ရဲစခန်းတွင်​ အပ်​နှံမည့်​ မူးယစ်​​ဆေးဝါးများနှင့် စာရင်းဇယားများ ယူသွားဆောင်သွားပြီး မူးယစ်ဆေးဝါးစခန်းတွင် ဆေးဖြတ်နေသည့် ဆေးသမား ၁၃ယောက်ကိုလည်း နှင်ထုတ်ခဲ့ကြောင်း မိုင်းညီကျော်မြင့်က ဆိုသည်။

ယင်းဖြစ်စဉ်များကို နမ့်ခမ်းရဲစခန်းကို အမှုဖွင့်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အသုတ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အယောက် ၄၃ဝ ကျော်ကို ၎င်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းမှ ဆေးဖြတ်ပေးနိုင်ခဲ့ပြီး ယခုအသုတ် ထပ်မံဖွင့်လှစ်သည်မှာ ၁၃ ရက်သာရှိသေးကြောင်း သိရသည်။

Photo- Lway Shwepe
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းအား လူအင်အား ၃၀ဖြင့် ဝင်ရောက်စီးနင်း တစ်ဦးဒဏ်ရာရ မူးယစ်ဆေးဝါးနှင့် ငွေကြေး သိန်း ၅၀ ယူဆောင်သွား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းအား လူအင်အား ၃၀ဖြင့် ဝင်ရောက်စီးနင်း တစ်ဦးဒဏ်ရာရ မူးယစ်ဆေးဝါးနှင့် ငွေကြေး သိန်း ၅၀ ယူဆောင်သွား Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.