စစ်ဆင်ရေးပြုလုပ်နေသော်လည်း မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ဆက်လက်စီးဆင်းနေ


နိရဉ္စရာ၊ သြဂုတ် ၁၆

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မေယုဒေသတွင် သြဂုတ် ၁၀ ရက်နေ့မှ စတင်ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်နေသော်လည်း မောင်တောမြို့နှင့် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ တက်ကနက် (ကယုချောင်း) အကြား ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးမှာ ဆက်လက်၍ စီးဆင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေသော ကုန်ပစ္စည်းများမှာ ရေထွက်ပစ္စည်များဖြစ်ကြသည့် ပုဇွန်၊ ငါးသလောက်၊ ငါးခြောက်မျိုးစုံ၊ သစ်တောထွက်ပစ္စည်းများအနေဖြင့် ဝါးနှင့် စိုက်ပျိုး သီးနှံများ အနေဖြင့် ချင်းစိမ်း၊ နနွင်း၊ မကျည်းသီးများကို ပို့ဆောင်လျက်ရှိနေသည်။

မောင်တောမြို့မှ ကုန်သည် တစ်ဦးက“ ကျွန်တော်တို့ဘက်က ဘင်္ဂလာဘက်ကို ပို့ကုန် တွေသာ ရှိပါတယ်။ ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ကသွင်းကုန်တွေကတော့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းက မ၀င်ပါဘူး။ မောင်တော ဘက်ကနေ လုံးဝမသွင်းနိုင်သေးပါဘူး။ စစ်တွေ နကသ စခန်းက တစ်ဆင့်ဘဲ တင်သွင်း နေရတယ်။ စစ်တွေက တစ်ဆင့် မောင်တောကို တစ် ဖန်ပြန်ပြီး ကုန်စည်တွေ စီးဆင်းနေပါတယ်။ ဒါကြောင့် အကုန်အကျများပြီး အချိန်ကြန့်ကြာမှုတွေ ရှိနေပါတယ်။ မောင်တော ဒေသခံ တွေလည်း ဘင်္ဂလာ ကုန်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ မဝယ်ယူနိုင်ဘဲ သယ်ယူ စရိတ်ကြောင့် ဈေးကြီးပေးပြီး ၀ယ်ယူနေရတဲ့ အနေအထားမှာ ရောက်ရှိနေပါတယ်" ဟု ပြောသည်။


သို့အတွက် ဘင်္ဂလာဒေ့ရှ်မှ တင်သွင်းကုန်များကို မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှ တရားဝင် တင်သွင်းခွင့်ရရန် အာဏာပိုင်များကစီစဉ်ပေးစေလိုသည်ဟု သူက ပြောသည်။

၂၁၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဇူလိုင်တစ်လအတွင်း မောင်တောနယ်စပ်ဂိတ်မှ ဘင်္ဂလာဒေ့ရှ်သို့ ပို့ကုန် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၇၀, ၀၀၀ (လေးသိန်းခုနှစ်သောင်း) သာရှိခဲ့သော်လည်း ယခု ဘဏ္ဍာရေးနှစ် ဇူလိုင်လ အတွင်း မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ ပို့ကုန် ပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂ သန်းရှိသဖြင့် ယခုနှစ် ဇူလိုင်လတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပို့ကုန် ပမာဏမှာ အမေရိကန် ၈၅၀,၀၀၀ ထိ မြင့်တက်ခဲ့ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် The Global New Light of Myanmar ၏ “ Trading resume in Maungtaw after repair of broken dock in Bangladesh” ခေါင်းစဉ်ဖြင့် ရေးသားထားသော သတင်းတွင် ဖော်ပြထားသည်။

အောင်ကျော်မင်း (မောင်တော)
Narinjara
https://www.facebook.com/Narinjara
စစ်ဆင်ရေးပြုလုပ်နေသော်လည်း မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ဆက်လက်စီးဆင်းနေ စစ်ဆင်ရေးပြုလုပ်နေသော်လည်း မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ဆက်လက်စီးဆင်းနေ Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.