ဖမ်းဆီးခံရသည့် လွယ်ခမ်းရွာခံနှစ်ဦး ၁၅ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ် မရသေး


သြဂုတ် ၂ဝရက်၊ မားနဂါး၊ မန်တုံ။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် စေကော်ကျေးရွာအုပ်စု လွယ်ခမ်းကျေးရွာဒေသခံဖြစ်သူ ဦးအောင် မန်နှင့် ဦးကျန်အောင်တို့နှစ်ဦးသည် သြဂုတ် ၆ ရက်တွင် အစိုးရတပ်မတော်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သြဂုတ် ၂ဝ ရက် ၁၅ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်မရရှိသေးကြောင်း သိရသည်။

မိသားစုဝင်တစ်ဦးက "ဒီနေ့(သြဂုတ် ၂ဝရက်)အထိတော့ အဆက်သွယ်မရသေးဘူး။ သူတို့ကို ဘယ်မှာ ချုပ်နှောင် ထားလဲ နောက်နေထိုင်ရတာ အခြေအနေ ဘယ်လိုရှိလဲဆိုတာ မသိရသေးပါဘူး။ ကျနော်တို့အနေနဲ့ကတော့ သူတို့ ကို တွေ့ချင်တာပေါ့။ ဘယ်မှာချုပ်နှောင်ထားလဲ နောက်ကျန်းမာရေးအခြေအနေဘယ်လိုရှိနေလဲဆိုတာကို သိချင်တာ ပါ" ဟု သြဂုတ် ၂ဝရက်တွင် မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

ဖမ်းဆီးခံရသည့် ဦးအောင်မန်နှင့် ဦးကျန်အောင်တို့နှစ်ဦးသည် ၂ဝ၁၇ခု သြဂုတ် ၆ ရက်တွင် ကျေးရွာမှ ငါးရှော့တိုက် သွားရာ လမ်းခုလတ်တွင် မိုးရွာသဖြင့် ကျေးရွာဘက်သို့ ပြန်လှည့်လာရာ လမ်းတစ်နေရာတွင် အစိုးရတပ်မတော် (တပ်ရင်းအမည်မသိရ)နှင့် ထိပ်တိုက်တိုးမိရာမှ တအာင်းတပ်မတော်နှင့်ပတ်သက်သူများဟု ပြောဆိုကာ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်သည်။

"သူတို့က ရိုးရိုးရွာခံပါ။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့နဲ့မှ မပတ်သက်ပါဘူး။ ငါးရှော့တိုက်ဖို့ သွားကြတာပါ။ ခ.လ.ရ(၁၃ဝ) ကတောင် သူတို့အရပ်သားတွေသာဖြစ်ကြောင်း ထောက်ခံချက်ရေးပေးခဲ့တယ်" ဟု ၎င်းမိသားစုဝင်တစ်ဦးက ဆက် ပြောသည်။

သြဂုတ် ၁၉ ရက်တွင် အမည်မသိရသော အစိုးရတပ်သားတစ်ဦးဟုဆိုကာ ဖမ်းဆီးခံရသူနှစ်ဦးမှာ အချုပ်ကျနေသည် မှာ မှန်ကန်ကြောင်း ဖုန်းဆက်ပြောဆိုလာသော်လည်း မည်သည့်အချုပ်ခန်းတွင် ချုပ်နှောင်ထားသည်ကိုမူ ပြောပြခဲ့ ခြင်းမရှိကြောင်း၊ အဆိုပါ အပြစ်မဲ့သူ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ နယ်/လုံထံသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် တင်ပြထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ဖမ်းဆီးခံရသည့် လွယ်ခမ်းရွာခံနှစ်ဦး ၁၅ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ် မရသေး ဖမ်းဆီးခံရသည့် လွယ်ခမ်းရွာခံနှစ်ဦး ၁၅ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ် မရသေး Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.