ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် မောင်တောတွင် အချိန်တိုးမြှင့်ထုတ်ပြန်

(ညမထွက်ရ၊ လူငါးဦးထက် ပို မစုရ အမိန့် ပုဒ်မ ၁၄၄ ကို ကြေညာနေစဉ်)
နိရဉ္စရာ၊ သြဂုတ် ၂၅

မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ယနေ့တွင် မောင်တောခရိုင်ဥက္ကဋ္ဌ ဦးရဲထွဋ်မှ အချိန် တိုးမြှင့်ထုတ်ပြန်လိုက်သည်။

ယခင်ထုတ်ပြန်ထားသည့် ပုဒ်မ (၁၄၄) အမိန့်မှာ ည ၉ နာရီမှ မနက် ၅ နာရီထိအဖြစ်ပြီး ယခုအခါ ည ၆ နာရီမှ နံနက် ၆ နာရီ အချိန်အထိ တိုးမြှင့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်ခြင်းကို မောင်တောမြို့တွင် အသံချဲ့စက်ဖြင့် ကြေညာနေပြီး အများနှင့် သက်ဆိုင်သော နေရာများတွင် လူငါးဦးထက် ပိုမစုဝေးရန်နှင့် သတ်မှတ်ထားကာ ညမထွက်ရအချိန်မှာ ည ၆ နာရီ မှ နံနက် ၆ နာရီအထိ သတ်မှတ်ထားကြောင်း ကြေညာသည်။

ဩဂုတ် ၂၅ ရက်နေ့ ညဥ့်အချိန်မှ စတင်ပြီး မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးနောက် ညမထွက်ရ အမိန့်ကို ယခုလို အချိန်တိုးမြှင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတို့တွင် အခြေအနေ လွန်စွာဆိုးရွားနေပြီး တိုင်းရင်းသား ကျေးရွာအများအပြားတွင် လုံခြုံရေး မလုံလောက်ရာမှ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် မောင်တောတွင် အချိန်တိုးမြှင့်ထုတ်ပြန် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် မောင်တောတွင် အချိန်တိုးမြှင့်ထုတ်ပြန် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.