ကုလလူငယ်အစည်းဝေးမှာ မြန်မာလူငယ် တက်ရောက်

အကြိမ် (၂၀ ) မြောက် ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လူငယ်ညီလာခံကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကိုဇွဲပြည့်ဖြိုး (FB -Zwe Pyae Phyo )
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုသလသမဂ္ဂ ဌာနချုပ်မှာ သြဂုတ်လ ၉ ရက် ကနေ ၁၂ ရက်နေ့အထိ လေးရက်တာ ကျင်းပခဲ့တဲ့ အကြိမ် (၂၀ ) မြောက် ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လူငယ်ညီလာခံကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကိုဇွဲပြည့်ဖြိုး တက်ရောက်ခဲ့ပါတယ်။ လေးရက်တာ လူငယ်အစည်းအဝေး အတွေ့အကြုံတွေနဲ့ ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ညီလာခံကို တက်ရောက်ဖို့ လိုအပ်တဲ့အရည်အချင်းနဲ့ ဘယ်လို ဆောင်ရွက်ရတယ်ဆိုတာကို ဆက်သွယ် စုံစမ်းထားတဲ့ မခွာညိုက ပြောပြပေးပါမယ်။

ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ညီလာခံအတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း INGOs တွေအနေနဲ့ သက္ကရာဇ် ၂၀၁၅ က နေ သက္ကရာဇ် ၂၀၃၀ အထိ ၁၅ နှစ်တာ ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမယ့် Sustainable Development Goals - ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်အဖြစ် ချမှတ်ထားတဲ့ အခြေခံအချက် (၁၇) ချက်အနက် People , Prosperity, Planet, Peace and Partnership ဆိုတဲ့ အခြေခံအချက် ငါးချက်ကို အဓိက ဦးစားပေးပြီး ဆွေးနွေးသွားကြတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် လူငယ်တွေကို ကမ္ဘာကြီးမှာ ဘာတွေ တိုးတက်ဖွံ့ဖြိုးနေသလဲဆိုတာကို ရှင်းလင်းပြောပြပေးတာဖြစ်သလို လူငယ်တွေအနေနဲ့ ဘယ်လို အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာကိုလည်း ပြောပြပြီး လူငယ်တွေအတွက် တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးတာဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သူ ကိုဇွဲပြည့်ဖြိုးက ဗွီအိုအေကို ပြောပါတယ်။

“တကမ္ဘာလုံးမှာ အကျိုးသက်ရောက်မှုဖြစ်ထွန်းစေမယ့်ဟာမျိုး speaker တွေက ဆွေးနွေးတယ်။ ဥပမာ - World Bank ရဲ့ presentation မှာ ဆိုလို့ရှိရင် World Bank ကနေ ဘယ်လိုမျိုးလုပ်နေတယ်၊ ပြီးတော့ အစိုးရတွေ၊ နိုင်ငံတွေကို ဘယ်လိုနည်းမျိုးနဲ့ ငွေကြေးကို ထုတ်ချေး တယ်ပေါ့နော်၊ သူတို့မှာ သတ်မှတ်ချက်ရှိတယ်၊ Middle income countries နဲ့ low income countries တွေ ပေါ့နော်၊ ချေးတဲ့အခါမှာလည်း low income countries တွေဆိုလို့ရှိရင် အတိုးနှုန်းက မရှိသလောက်ကိုပဲ မယူဘူးပေါ့နော်၊ ဒီအတိုင်းချေးပြီးတော့ ချေးငွေအတိုင်း ပြန်ဆပ်ပေါ့၊ ဒါပေမယ့် middle income country ကျတော့ သတ်မှတ်ချက်နဲ့- အဲလိုမျိုးပေါ့။ အဲဒါတွေကို သူတို့က ရှင်းပြတယ်။

ပြီးတဲ့အခါကျတော့ သူတို့ရဲ့ opportunity ပေါ့။ ကမ္ဘာ့ဘဏ်မှာလာပြီး အလုပ်လုပ်ချင်တဲ့သူတွေအတွက် ရှင်းပြတယ်ပေါ့နော်၊ internship ဆိုလို့ရှိရင် ဝင်လို့ရတယ်။ တကယ်လို့ ကိုယ်က မာစတာပြီးသွားပြီ၊ Ph.D တွေဘာတွေ ပြီးသွားပြီဆိုလို့ရှိရင် လုပ်သက် ၃ နှစ်လည်းရှိမယ်ဆိုရင် Young Professional အနေနဲ့ ကမ္ဘာ့ဘဏ်မှာလျောက်လို့ရတယ်ပေါ့နော်။ အဓိကတော့ သူ့လုပ်ငန်းစဉ်တွေကို ရှင်းပြတယ်။ ပြီးတဲ့အခါကျတော့ Opportunities တွေကို ပြောပြတယ်။ ပြီးတော့ ဒီဟာတွေကိုလျောက်ဖို့ပေါ့နော် welcome လုပ်တယ်၊ ပြီးတော့ Speakers တွေနဲ့ delegates တွေက အပြန်အလှန်အချင်းချင်းဆွေးနွေးကြတယ်။”

ဒီညီလာခံမှာ ကမ္ဘာ့ ဒုက္ခသည်များဆိုင်ရာ အခက်အခဲ နည်းပညာ၊ စသဖြင့် ကဏ္ဍ၄ မျိုးခွဲထားပြီး မနက်ပိုင်း၊ ညနေပိုင်းလည်း အချိန်သတ်မှတ်ပေးထားပါတယ်။ ကိုယ်ဆန္ဒရှိရာ၊ စိတ်ဝင်စားရာ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခန်းကို စိတ်ကြိုက် ရွေးချယ်တက်ရောက်နိုင်တယ်လို့ ကိုဇွဲပြည့်ဖြိုးက ပြောပါတယ်။ ဒီ လူငယ် ညီလာခံကို တက်ရောက်ခဲ့ခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးရသလဲလို့ မေးကြည့်တဲ့အခါမှာတော့ ကိုဇွဲပြည့်ဖြိုးက အခုလို ပြောပါတယ်။

“ဒီပွဲတက်ရောက်ခြင်းအားဖြင့် အသိပညာ ဗဟုသုတ Knowledge expend ဖြစ်တယ် ပထမတချက်က ။ ဒုတိယတချက်ကတော့ Network ကျယ်ပြန့်လာတယ်။ အခုတက်ရောက်တဲ့သူအကုန်လုံးက သူ့နိုင်ငံအသီးသီးမှာ လူမှုရေးဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက်ပဲဖြစ်စေ ၊ ဒါမှမဟုတ်ရင် စီးပွားရေးနဲ့ ပတ်သက်တာ ပဲဖြစ်စေ၊ ဒါမှမဟုတ်ရင် ပညာရေး၊ ကျန်းမာရေးပေါ့နော် ဒီလိုကဏ္ဍအသီးသီးမှာ လုပ်ဆောင်နေကြတဲ့ လူငယ်တွေဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ပထမတချက်ကတော့ Knowledge ကျယ်ပြန့်လာတယ်၊ နောက်တခုကတော့ Network ကျယ်ပြန့်လာတယ်ခင်ဗျ။ အချင်းချင်းချိတ်ပြီးတော့ ကိုယ့်နိုင်ငံရောက်တဲ့အခါမှာ ပြန်လုပ်မယ့်အပိုင်းလေးတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်ခင်ဗျ။”

ဘွဲ့ကြို ကျောင်းသားတွေအတွက်တော့ Social Venture Project ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်စေပြီး ဆယ်ဦးအနက် နောက်ဆုံးပိတ် ၇ ဦး ရွေးချယ်ပြီး ညီလာခံပိတ်ပွဲကျင်းပချိန်မှာ နောက်ဆုံးပိတ် စကာတင် ခုနစ်ဦးကို Outstanding Award ဆုချီးမြှင့်ပေးကြောင်းလည်း သူက ပြောပါတယ်။ ကျန်တဲ့ ဘွဲ့ရလူငယ်တွေကတော့ သြဂုတ်လ ၁၈ ရက်နောက်ဆုံးထားပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်အရပ်ဒေသမှာ ကိုယ်လုပ်ချင်တဲ့ စီမံကိန်း တခုကို အကောင်အထည်ဖော်ဖို့ စီမံကိန်းတင်ပြပေးဖို့ အခွင့်အရေးပေးထားကြောင်း ပြောပါတယ်။ ကိုဇွဲပြည့်ဖြိုးကတော့ သူတို့ရဲ့ Care for the Need အဖွဲ့ရဲ့ လုပ်ငန်းတွေကို တင်ပြဖို့ ရည်ရွယ်ထားကြောင်းနဲ့ ဒီအတွက် ရန်ပုံငွေ ကျနိုင် မကျနိုင် နဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးလုပ်နေတဲ့လူတွေ ဒါမှမဟုတ်လို့ရှိရင် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်း ၂ ခုကြားမှာ ညီညွတ်အောင်ပြုလုပ်ပေးနိုင်တဲ့အဖွဲ့အစည်းဆိုရင်တော့ ကျနော်ထင်တယ်။ သေချာပေါက်ရမယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ကျနော်က ပထမဘွဲ့က ဆေးပညာဘွဲ့ရတဲ့အခါကျတော့ ကိုယ်နဲ့ ဆက်စပ်တဲ့လုပ်ငန်းပေါ့နော် ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်နေတဲ့အခါကျတော့ သူတို့ထောက်ပံ့တဲ့ငွေက ရမရတော့ အဲဒါကတော့ ကျနော်မသေချာဘူးခင်ဗျ။”

ကုလသမဂ္ဂရဲ့ လူငယ်ညီလာခံမှာ ဘွဲ့ကြိုကျောင်းသားအရွယ် အသက် ၁၇ နှစ်၊ ၁၈ နှစ်ကနေ ဘွဲ့ရလူငယ် အသက် ၂၈ နှစ်အထိ နိုင်ငံပေါင်း ၁၀၀ ကျော်က လူငယ်ပေါင်း ၁ ထောင်ကျော်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုဇွဲပြည့်ဖြိုးအနေနဲ့ မြန်မာနိုင်ငံကိုပြန်ရောက်တဲ့အခါ အခု သူ တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူငယ်ညီလာခံက အတွေ့အကြုံတွေနဲ့ ဒီညီလာခံ ကနေ လမ်းဖွင့်ပေးနေတဲ့ လူငယ်တွေ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေအကြောင်း မြန်မာလူငယ်တွေကို တတ်နိုင်သမျှ မျှဝေပေးသွားမှာ ဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

မခွာညို  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကုလလူငယ်အစည်းဝေးမှာ မြန်မာလူငယ် တက်ရောက် ကုလလူငယ်အစည်းဝေးမှာ မြန်မာလူငယ် တက်ရောက် Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.