မန်တုံ-မိုးမိတ်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် ဒေသခံများ သွားလာရ ခက်ခဲနေ


သြဂုတ် ၂၂ရက်၊ မားနဂါး၊ မန်တုံ။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့မှ မိုးမိတ်မြို့သို့ သွားသည့် လမ်းသည် မြေသားလမ်းသာ အများစု ဖြစ်နေသည့်အတွက် မိုးတွင်းကာလတွင် ဒေသခံများ သွားလာရ ခက်ခဲနေကြောင်း သိရသည်။

မိုးမိတ်-မန်တုံလမ်းသည် ၅၈ မိုင်သာ ဝေးကွာပြီး နွေရာသီတွင် ပုံမှန်အားဖြင့် မန်တုံမှ မိုးမိတ်မြို့သို့ သွားပါက ၄ နာရီ သာ သွားရသည့် ခရီးလမ်းဖြစ်သော်လည်း မိုးရာသီတွင် ၅ ရက်ကြာ သွားနေရသည့်အတွက် အခက်အခဲဖြစ်နေ ကြောင်း ခရီးသွားများက သြဂုတ် ၂၂ ရက်တွင် မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။


မန်တုံမှ မိုးမိတ်သို့ ခရီးသွားနေသူတစ်ဦးက "လမ်းတွေက ကျောက်ခင်းထားတာ မဟုတ်ပဲနဲ့ မြေနီလမ်းတွေဖြစ်နေ တယ်။ လမ်းတွေက တော်တော်များများ ဆိုးနေတော့ သွားလာနေတဲ့ ကားသမားတွေ ကမ်းပါးက မြေတွေကိုဖြိုပြီး ချိုင့်ခွက်ဖြစ်တဲ့ နေရာမှာ ဖို့လိုက်တော့ မိုးရွာရင် လမ်းတွေက ဗွက်တွေနဲ့ တော်တော်ဆိုးတယ်" ဟု ပြောသည်။


"လမ်းဆိုးတဲ့နေရာကတော့ များတယ်။ မန်တုံကနေထွက်တာနဲ့ နမ့်လန်းကချင်ရွာအောက်ကနေစပြီးတော့ လမ်းတွေ ဆိုးတယ်။ စိုက်ခင်းတောင်ထိပ်နားမှာလဲ လမ်းဆိုးတယ်။ သွားရင်းနဲ့ ချိန်းဘလောက်တွေနဲ့ ကားကို ပြန်ဆွဲရတယ်။ လမ်းဆိုးဆိုးရွားရွားဖြစ်တာကတော့ မော်နွဲ့ရွာ၊ စိုက်ခင်း၊ နမ့်လန်းရွာ၊ ရေပုံးရွာ၊ တုံကြီးထိ လမ်းတွေက ဆိုးတယ်။ ဒီခရီးလမ်းက နွေရာသီသွားရင် ကားနဲ့ဆို လေးနာရီဘဲ ကြာတယ်။ ဒီတစ်ခေါက် မန်တုံကနေ မိုးမိတ်သွားတာ ၅ ရက်ကြာသွားတယ်" ဟု ၎င်းက ဆက်ပြောသည်။


အဆိုပါ လမ်းပိုင်းသည် မိုးမိတ်မြို့နှင့် မဘိမ်းမြို့နယ်မှ သစ်တင်ကား သွားလာမှုများပြားခြင်းကြောင့် လမ်းများ ဆိုးရွား စွာ ပျက်စီးနေကြောင်း၊ ကတ္တရာလမ်းအဖြစ် မန်တုံမြို့မှ ၆မိုင်အကွာ မန်ဖန်ရွာသွားသည့် လမ်းခွဲထိသာ ခင်းထားသည် ဟု ၎င်းကဆိုသည်။

Photo- Mai Highlander Ta'ang
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
မန်တုံ-မိုးမိတ်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် ဒေသခံများ သွားလာရ ခက်ခဲနေ မန်တုံ-မိုးမိတ်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် ဒေသခံများ သွားလာရ ခက်ခဲနေ Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.