ခင်ဦးမြို့နယ် ဧရာဝတီမြစ်ကြောင်း၌ သက်သေခံပစ္စည်း သံခွံရေယာဉ်ကို အတင်းအဓမ္မဆွဲယူမောင်းနှင်သွားသူများကို သေနတ်ပစ်ဖောက်ဖမ်းဆီး


ခင်ဦး သြဂုတ် ၂၃

ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ကဘွက်ဘိနယ် သစ်တောစခန်းအနီး ဧရာဝတီမြစ် အနောက်ဘက်၌ မေ ၁၇ ရက်က မြို့နယ်တရားရုံး ရာကြီးမှုအမှတ် -၂၇၆/၁၇၊ သစ်တောအက်ဥပဒေပုဒ်မ - ၄၂(ခ) ဖြင့် အလျား ပေ ၁ဝဝ၊ ဗြက် ၁၅ ပေ၊ ဇောက် ၂၃ ပေ၊ အင်ဂျင် ၃ လုံး တပ်ဆင်ထားသည့် “''ဇာနည်မင်းထက်'' သံခွံရေယာဉ်သည် မြို့နယ်တရားရုံး၌ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း၍ တရားရင်ဆိုင်နေစဉ် တိမ်းရှောင်ထွက်ပြေးနေသော ပြစ်မှုကျူးလွန်သူများက သြဂုတ် ၂၃ ရက် နံနက် ၁ နာရီခန့်က အဆိုပါ သက်သေခံပစ္စည်းကို ကဘွက်ဘိနယ်တာဝန်ခံ တောအုပ် ဦးဝေဖြိုးအောင်၏ ခွင့်ပြုချက်မရရှိဘဲ လူအင်အားသုံးပြီး ''နိုင်စွမ်းထက်''ရေယာဉ်ဖြင့် အတင်းအဓမ္မဆွဲယူ မောင်းနှင်သွားခဲ့သည်။

 ယင်းသို့ ယူဆောင်သွားသည်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးခင်မောင်ချိုနှင့် ဝန်ထမ်းများသည် ပြည်သူများနှင့်ပူးပေါင်း၍ မ္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇီးပင်ကျွန်းချောင်း ဆိပ်ကမ်းအနီးတွင် အကြိမ်ကြိမ်အခါခါ ကမ်းကပ် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ ဆန်တက်သွားနေသဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက သေနတ်တစ်ချက် ပစ်ဖောက် ရပ်တန့်ခိုင်းမှသာ အဆိုပါ ''နိုင်စွမ်းထက်''ရေယာဉ်နှင့် ''ဇာနည်မင်းထက်'' သံခွံရေယာဉ်တို့မှာ ရပ်တန့်သွားပြီး တက်ရောက် စစ်ဆေးခဲ့ရာ မင်းမင်း(ခ)ခိုင်ဇော်မင်း၊ မျိုးသူထွန်း၊ သိန်းဇော်မောင်၊ သိန်းဌေးဦး၊ ဖိုးလုံး(ခ)ဇင်မျိုးထက်တို့ ငါးဦးကို တွေ့ရှိ ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တိုက်ကြီး ကျေးရွာနေ မင်းမင်း(ခ)ခိုင်ဇော်မင်း (၄ဝ နှစ်)၊ မျိုးသူထွေး (၃ဝ နှစ်)၊ သိန်းဇော်မောင် (၂၈ နှစ်)၊ (လိပ်စာတူ) ဖိုးလုံး(ခ)ဇင်မျိုးထက် (၁၉ နှစ်)နှင့် သိန်းဌေးဦး (၃၉ နှစ်)မြေနုရပ်ကွက် ဗန်းမော်မြို့နေသူတို့ ငါးဦးကို မြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ချစ်စံ (ခင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ခင်ဦးမြို့နယ် ဧရာဝတီမြစ်ကြောင်း၌ သက်သေခံပစ္စည်း သံခွံရေယာဉ်ကို အတင်းအဓမ္မဆွဲယူမောင်းနှင်သွားသူများကို သေနတ်ပစ်ဖောက်ဖမ်းဆီး  ခင်ဦးမြို့နယ် ဧရာဝတီမြစ်ကြောင်း၌ သက်သေခံပစ္စည်း သံခွံရေယာဉ်ကို အတင်းအဓမ္မဆွဲယူမောင်းနှင်သွားသူများကို သေနတ်ပစ်ဖောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.