ALP ဌာနချုပ်စခန်း ဆုံးရှုံးသွားကြောင်း ဒုဥက္ကဌပြော

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ Photo: Arakan Liberation Party/ Facebook
မြန်မာနဲ့ အိန္ဒိယနယ်စပ် မီဇိုယမ်ပြည်နယ်အနီးက ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဌာနချုပ်ကို AA ရခိုင့်တပ်မတော်က ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ၄ ယောက်ကျဆုံးပြီး ဒီနေ့ မနက်ပိုင်းက ဌာနချုပ်စခန်းကို ဆုံးရှုံးလိုက်ရတယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ညပိုင်းမှာ ALP က တပ်မှုးနဲ့ နောက်ထပ်တစ်ဦးကို AA က ဖမ်းခေါ်သွားခဲ့ပြီး နောက်တစ်ရက် သြဂုတ်လ ၂၂ ရက်နေ့မှာ ALP ဌာနချုပ်  ထိုးစစ်ဆင်တိုက်ခိုက် ခံရတာဖြစ်တယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

"၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးနဲ့ တိုက်ခိုက်လာတယ်၊ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်၊ အဲဒီနေ့မှာ နှစ်ယောက်ကျတယ်၊ တစ်ယောက်ဒဏ်ရာရတယ်၊ အဲဒီ ၂၃ ရက်နေ့ တိုက်ပွဲဆက်ဖြစ်တော့ လက်နက်ကြီးနဲ့ ထုတော့ ဆုတ်ပေးလိုက်ရတယ်၊ ဒီနေ့လည်း နှစ်ယောက် ကျတယ်၊ မိုးကလဲရွာတယ်၊ နောက်ပြီးလက်နက်ကြီးကျည်ကလဲ အများကြီးပစ်ခတ်လာတော့ ဆက်ပြီးတိုက်မယ်ဆိုရင် နှစ်ဖက်အကျအဆုံးတွေ များမယ်၊ အဲဒါကိုတွက်ဆတော့ အဲဒီတပ်မှူးတွေက အချင်းချင်း သွေးထွက်သံယိုမူ မမြောက်အောင် ဆုတ်ခွာပေးလိုက်တယ်"

အခုလို တိုက်ပွဲတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျမသိပေမယ့် ALP ဌာနချုပ်နေရာကို AA အဖွဲ့က ရယူလိုတာကြောင့် မရမက သိမ်းပိုက်တာဖြစ်နိုင် တယ်လို့လည်း ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

ALP စခန်းရှိတဲ့နေရာဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ အန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တြိဂံနယ်စပ် နေရာ ရခိုင်ဘက်ခြမ်းမှာဖြစ်ပါတယ်။

နှစ် ၅၀ရှိပြီဖြစ်တဲ့ ALP ပါတီသမိုင်းမှာ ဒီတကြိမ်ဟာ အခက်အခဲ အကြီးအကျယ်ကြုံရတာဖြစ်ပြီး အရင်ကလည်း ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းမှာ AAနဲ့ ALP တို့တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့ဖူးပြီး အဲဒီအချိန်ကတော့ ပြေလည်အောင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဆွေးနွေးလိုပြီး ရှေ့ဆက်ပြီး တိုက်ပွဲတွေဖြစ်မှာကို မလိုလားဘူးလို့ ALP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

အခုလို ရခိုင်လူမျိုးတွေ အချင်းချင်း တိုက်ပွဲဖြစ်ရတယ်ဆိုတာ မကောင်းကြောင်းနဲ့ သူတို့သိမ်းပိုက် ထားတဲ့ ဌာနချုပ်ကို ပြန်ပေးဖို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ပါတီ စစ်ဦးစီးချုပ်က AA အဖွဲ့ စစ်ဦးစစ်ချုပ်ကို မနေ့ညနေပိုင်းက စာပေးပို့ထားပေမယ့် အကြောင်းမပြန်သေးကြောင်း ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် က ပြောပါတယ်။

AA ရခိုင်အဖွဲ့ကို ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ် လို့မရခဲ့ပါဘူး။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဟာ အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး AA အဖွဲ့ကတော့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ALP ဌာနချုပ်စခန်း ဆုံးရှုံးသွားကြောင်း ဒုဥက္ကဌပြော ALP ဌာနချုပ်စခန်း ဆုံးရှုံးသွားကြောင်း ဒုဥက္ကဌပြော Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.