AK ဆောက်လုပ်ရေးကုမ္ပဏီကို မွန်ဝန်ကြီးချုပ် သတိပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
မွန်ပြည်နယ် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းမှာ လမ်းအသုံးပြုခကောက်ခံနေတဲ့  AK ဆောက်လုပ်ရေးကုမ္ပဏီဟာ လမ်းတွေဆိုးရွားစွာ ပျက်စီးနေပေမယ့် တာဝန်ယူပြုပြင်ပေးခြင်း မရှိတာကြောင့် ပြင်းထန်စွာ သတိပေးထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။

လက်ရှိ လမ်းတွေပျက်စီးနေတာကို မပြုပြင်တာနဲ့ပတ်သက်ပြီး AK ကုမ္ပဏီအနေနဲ့ တာဝန်မယူနိုင်ရင် လမ်းတွေပြန်အပ်ဖို့ ပြင်းထန်စွာသတိပေးထားတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၈ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ AK ကုမ္ပဏီနဲ့ပတ်သက်ပြီး အကြောင်းကြားစာပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

AK ကုမ္ပဏီဟာ မော်လမြိုင်မြို့ကနေ သံဖြူဇရပ်မြို့အထိ ၃၇ မိုင်ရှည်လျားတဲ့ လမ်းပိုင်းကို ၂၀၁၁ ခုနှစ်ကတည်းက နှစ် ၄၀စာချုပ်နဲ့ လမ်းအဆင့်မြှင့်တင်ပြုပြင်ကာ လမ်းအသုံးပြုခ ကောက်ခံဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီဟာ လမ်းကြေးစတင်ကောက်ခံကတည်းက လမ်းပြုပြင်တာတွေ ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

လက်ရှိအချိန်မှာ လမ်းပိုင်းပျက်စီးမှုများနေတဲ့အတွက် ဒေသခံတွေ ခရီးသွားတွေအတွက် အခက်အခဲဖြစ်နေသလို မကြာခဏဆိုင်ကယ်မှောက်တာတွေလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းပြုပြင်မှုမရှိဘူးဆိုတဲ့ ဒေသခံတွေရဲ့ တိုင်တန်းချက်တွေကြောင့် လွှတ်တော်ဘက်ကလည်း စုံစမ်းစစ်ဆေးတာတွေပြုလုပ်သွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေးနဲ့ စီမံကိန်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ကျော်သူက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
AK ဆောက်လုပ်ရေးကုမ္ပဏီကို မွန်ဝန်ကြီးချုပ် သတိပေး AK ဆောက်လုပ်ရေးကုမ္ပဏီကို မွန်ဝန်ကြီးချုပ် သတိပေး Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.