YBS ယာဉ်လိုင်းများတွင် ငွေထည့်သည့်ပုံးများ တပ်ဆင်ရမည်ဟု ညွှန်ကြားထား


ရန်ကုန် ဇူလိုင် ၉

YBS ယာဉ်လိုင်းများအားလုံးတွင် စီးနင်းသူခရီးသည်ကိုယ်တိုင် ယာဉ်စီးခကို ကိုယ်တိုင်ထည့်သွင်းရသည့် ငွေထည့်ပုံး (Cash Box) များကို တပ်ဆင်ဆောင်ရွက်ရမည်ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်လိုင်းများတွင် စီးနင်းသူခရီးသည် ကိုယ်တိုင် ကျသင့်သည့်ယာဉ်စီးခကို ငွေထည့်ပုံးထဲသို့ ကိုယ်တိုင်ထည့်သွင်းစီးနင်းသည့်စနစ်ကို ဆောင်ရွက်သွား နိုင်ရန်အတွက် YBS ယာဉ်လိုင်းများအားလုံးတွင် ငွေထည့်ပုံးများကို တပ်ဆင်ရမည်ဟု ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့် YBS ယာဉ်လိုင်းများ အထူးအစည်းအဝေးပွဲ၌တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းအနေနဲ့ကတော့ YBS မစတင်ခင်ကတည်းက ယာဉ်နောက်လိုက်ကို မထားတော့တဲ့စနစ်ကို ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ငွေထည့်ပုံး (Cash Box) တွေ ထားတာတော့မဟုတ်ပါဘူး။ ခြင်းလေးတွေ ထားပေးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခရီးသည် တွေနဲ့ ယာဉ်မောင်းတွေက ယာဉ်စီးခကို ကိုယ်တိုင်ပုံးထဲ ထည့်တဲ့စနစ်နဲ့ အသားမကျသေးလို့ပါ။ ယာဉ်စီးခ ၂ဝဝ ကျမယ်ဆိုရင် အကြွေ ၂ဝဝ ကိုင်စီးတာ အလေ့အကျင့်မရှိ သေးတော့ အကြွေမပါတာမျိုးဆိုရင် ပြန်အမ်းနိုင်အောင်လို့ ဆိုပြီး ခြင်းလေးတွေပဲ ထားပေးထားတာပါ။ နောက်ပိုင်း အလေ့အကျင့်တွေဖြစ်သွားရင် Cash Box တွေ ထားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။

အခု အစိုးရက Cash Box တွေ ထားပါဆိုတော့ ကျွန်တော်တို့ ယာဉ်လိုင်းအတွက် အခက်အခဲမရှိပါဘူး။ ဒီ Cash Box တစ်လုံးရဲ့ ကုန်ကျ စရိတ်ကလည်း ကျပ်နှစ်သောင်းကနေ တစ်သိန်းကျော် လောက်ဆိုတော့ အဆင်ပြေတဲ့ ပမာဏပါပဲ''ဟု YBS ယာဉ်လိုင်းကို ပြေးဆွဲပေးနေသည့် ပါဝါအလဲဗင်း ပုဂ္ဂလိက ယာဉ်လိုင်းကုမ္ပဏီမှ တာဝန်ရှိသူ ကိုတရုတ်လေးက ပြောသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက် မထားရှိဘဲ ခရီးသည်ကိုယ်တိုင် ယာဉ်စီးခကို ငွေထည့် ပုံးထဲသို့ ထည့်သွင်းစီးနင်းသည့်စနစ်ကို ဆောင်ရွက်နေသည့် ယာဉ်လိုင်းများ ပိုမိုများပြားလာပြီး YBS စနစ်၏ အပြောင်းအလဲတစ်ခုအနေဖြင့် ယာဉ်နောက်လိုက်မပါဘဲ ဝန်ဆောင်မှုပေးလာသည်ကို ပိုမိုစိတ်ဝင်စားလာကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။ သို့ရာတွင် ယာဉ်စီးခကို အတိအကျပေးအပ်နိုင်ရန် ငွေအကြွေဆောင်ကာ စီးနင်းသည့် အလေ့အထအားနည်းနေသောကြောင့် ယာဉ်လိုင်း အချို့မှာ အဆိုပါစနစ်ကို ပြောင်းလဲလိုသော်လည်း စိုးရိမ် ပူပန်မှုများရှိနေကြကြောင်း ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။

''နိုင်ငံခြားမှာလို ကတ်စနစ်နဲ့ ငွေပေးစနစ်ကို လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဒီစနစ်စတင်နိုင်ဖို့က အချိန်တစ်ခုပေးရဦးမှာဆိုတော့ အခုငွေထည့်ပုံးတွေတပ်ပြီး ယာဉ်နောက်လိုက်မပါတဲ့စနစ်ကို တချို့ယာဉ်လိုင်းတွေ လုပ်လာကြတယ်။ ခရီးသည်တွေကိုယ်တိုင်လည်း ယာဉ်နောက်လိုက်နဲ့ စကားမများရဘဲ စိတ်ချမ်းချမ်းသာသာ စီးရတာကို သဘောကျလာတာတွေ့ရတယ်။ ဒါပေမယ့် တချို့မှာ ငွေအကြွေပြဿနာရှိတယ်။ ဥပမာ ဘတ်စ်ကားခ ၂ဝဝ ကျရင် ၂ဝဝ တန် ကိုင်စီးတဲ့ အလေ့အထမရှိသေး တာမျိုးတွေရှိနေတယ်။ ငွေပြန်အမ်းရမှာမျိုးတွေပေါ့။ တချို့ကလည်း ငွေကို အပြည့်မပေးဘဲ လျှော့ပေးတာ၊ အစုတ်တွေ ပေးသွားတာရှိတယ်။ ဒါမျိုး နောက်ပိုင်းတော့ လျော့သွားမှာပါ။ ဒါပေမယ့် လောလောဆယ်တော့ ယာဉ်ပိုင်ရှင်တချို့က ငွေထည့်ပုံးစနစ်အပေါ် စိုးရိမ်မှုလေးတွေ ရှိနေတာပေါ့။

ခရီးသည်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ ယာဉ်မောင်းတွေရဲ့ အလေ့အကျင့် ဆက်ဆံမှု ပုံစံတွေလည်း ပြောင်းလဲဖို့ လိုပါတယ်'' ဟု ပုဂ္ဂလိက အများပိုင်ယာဉ်လိုင်းတစ်ခုမှ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်။

ယင်းသို့ YBS ယာဉ်လိုင်းများအားလုံးတွင် ငွေထည့် ပုံး (Cash Box) များ တပ်ဆင်အသုံးပြုဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားပြီး ခရီးသည် တင်ယာဉ်များအားလုံးတွင် ငွေထည့်ပုံးများ တပ်ဆင်ဆောင် ရွက်သွားမည့် အစီအစဉ်ကို ဇူလိုင် ၁ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံသို့ လာရောက်တင်ပြရမည် ဟု ဇူလိုင် ၈ ရက်က ပြုလုပ်ခဲ့သော ယာဉ်လိုင်းများ အစည်းအဝေးတွင် ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

(ဆုနှင်းလဲ့)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
YBS ယာဉ်လိုင်းများတွင် ငွေထည့်သည့်ပုံးများ တပ်ဆင်ရမည်ဟု ညွှန်ကြားထား YBS ယာဉ်လိုင်းများတွင် ငွေထည့်သည့်ပုံးများ တပ်ဆင်ရမည်ဟု ညွှန်ကြားထား Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.