![]() |
ဘင်္ဂလားဒေရှ့် နိုင်ငံ တက်ကနက်ဖ် က ရိုဟင်ဂျာ ဒုက္ခသည်စခန်းက အမျိုးသမီးတွေနဲ့ ကလေးတွေ ရေခပ်ဖို့ တန်းစီစောင့်ဆိုင်း။ မှတ်တမ်းပုံ။ |
ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်ရင်း ရခိုင်ပြည်မြောက်ပိုင်းမှာ အလွန်ကို စိုးရိမ်၊ ကြောက်လန့်စရာ ကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဒုက္ခသည်စခန်းတွေကို ကြည်ရှုစဉ်အတွင်း Filippo Grandi က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ နေရပ်ရင်း ပြန်ပို့ရေး မတိုင်ခင် ဒုက္ခသည်တွေကို စိစစ်ဖို့ကိစ္စဟာ အချိန်ယူ ကြာမြင့်မှာဖြစ်တယ်လို့ သူ့ကို မြန်မာအာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ Filippo Grandi ကဆိုပါတယ်။ လက်ရှိ ဒုက္ခသည် စခန်းတွေက အခြေအနေတွေဟာလည်း အလွန် စိုးရိမ်စရာကောင်းကြောင်း သူက အခုလိုပြောပါတယ်။
“ဒုက္ခသည်တွေ နေထိုင်နေတဲ့ အခြေအနေဟာ တကယ့်ကို အနိမ့်ဆုံး အခြေအနေ ဖြစ်ပါတယ်။ အလွန် စိုးရိမ်စရာ ကောင်းတယ်လို့ ကျနော်ပြောလို့ ရပါတယ်။ အထူးသဖြင့် စခန်းတွေထဲမှာ အချိန်အကြာကြီး နေထိုင်သူတွေရဲ့ အခြေအနေဟာ ဆိုးပါတယ်။ ကိုယ်ရောစိတ်ပါ ဖိစီးပြီး အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေလည်း ဆိုးရွားနိုင်ပါတယ်။”
Filippo Grandi ဟာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တာဝန်ကို ဒီနှစ်ဆန်းပိုင်းက စတင်ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ ၅ ရက် ကြာမြင့်တဲ့ ခရီးစဉ်အတွင်းရခိုင်ပြည်နယ် စစ်တွေမြို့က နေရပ်ရင်း အဓမ္မ ရွှေ့ပြောင်းခံရတဲ့ မွတ်စလင် ဒုက္ခသည် စခန်းတချို့ အပါအ၀င် မောင်တောဒေသက မွတ်စလင်ရွာတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီး ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ထောက်ပံပေးရေး ကိစ္စတွေကိုလည်း Filippo Grandi က ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံကို ဆက်လက်ထွက်ခွာပြီး ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဇူလိုင်လ ၇ ရက်နေ့က တွေ့ဆုံပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေး ဆွေးနွေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
UNHCR မဟာမင်းကြီး ဘင်္ဂလားဒေရှ့် က ဒုက္ခသည်စခန်တွေ သွားရောက်
Reviewed by THITHTOOLWIN
on
09:08
Rating:
