သမ္မတTrump သားမက် လွှတ်တော်တံခါးပိတ် စစ်ဆေးမှုမှာ ထွက်ဆို


သူအပါအဝင် Trump စည်းရုံးရေးအဖွဲ့ထဲက တခြားသူတဦးတယောက်မှ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာရော ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာပါ ရုရှားနဲ့ မလျှော်မကန် ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ သမ္မတ Donald Trump ရဲ့အကြီးတန်းအကြံပေးလည်းဖြစ် သားမက်လည်းဖြစ်သူ Jared Kushner ကပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ ရုရှားနဲ့ပူးပေါင်းကြံစည်ဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ ၂ နာရီကြာတံခါးပိတ် စစ်ဆေးမှုခံခဲ့ပြီးနောက် Kushner ကအိမ်ဖြူတော်မှာ ပြောကြားခဲ့တာပါ။ သမ္မတရဲ့သားအကြီး Donald Trump Jr. နဲ့ Trump စည်းရုံးရေးမန်နေဂျာ Paul Manafort တို့ ရုရှားရှေ့နေတို့ ပြီးခဲ့တဲ့နှစ် June ကတုန်းကတွေ့ဆုံပွဲကို သူနောက်ကျရောက်သွားခဲ့ပေမဲ့ သမ္မတမဲဆွယ်မှုနဲ့ပါတ်သက်တာတွေ ဆွေးနွေးတာ မကြားခဲ့ရပါဘူးလို့ လွှတ်တော်ကြားနာပွဲမတိုင်ခင် သူထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ Jared Kushner ကပြောကြားထားပါတယ်။

အဲဒီရုရှားရှေ့နေက သမ္မတလောင်း Hillary Clinton ထိခိုက်နိုင်မယ့် အချက်တွေ ပေးနိုင်တယ်လို့ဆိုတဲ့အတွက် တွေ့ဆုံခဲ့တာလို့ Donald Trump Jr. ကပြောကြားခဲ့ပြီးနောက် ဒီတွေ့ဆုံပွဲအပေါ် စုံစမ်းသူတွေက အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရအောင် ရုရှားက ဘယ်လို နှောင့်ယှက် စွက်ဖက်ခဲ့သလဲဆိုတာကို အမေရိကန်တရားရေးဌာနအပြင် လွှတ်တော်မှာလည်း စုံစမ်းနေတာဖြစ်ပါတယ်။ ဒီကနေ့အင်္ဂါနေ့မှာလည်း အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ Kushner တံခါးပိတ်စစ်ဆေးခံရမှာဖြစ်ပါတယ်။

Donald Trump Jr. နဲ့ Paul Manafort တို့ကလည်း အထက်လွှတ်တော်တရားရေးကော်မတီကို မှတ်တမ်းအချက်တွေပေးဖို့နဲ့ တံခါးပိတ်ဖြေကြားဖို့ ညှိနှိုင်းသဘောတူထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
သမ္မတTrump သားမက် လွှတ်တော်တံခါးပိတ် စစ်ဆေးမှုမှာ ထွက်ဆို သမ္မတTrump သားမက် လွှတ်တော်တံခါးပိတ် စစ်ဆေးမှုမှာ ထွက်ဆို Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.