သျှမ်းပြည်အရှေ့ပိုင်းတွင် RCSS/SSA အား တိုက်ခိုက်မှု မှု နှင့်အတူ ဒေသခံများအပေါ် အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်နေဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်


ဂျူလိုင်လ ၇ ရက် ၂၀၁၇

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံအုပ်စုအနီး အစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် RCSS/SSA အား အင်အားသုံးတိုက်ခိုက်သည့်နောက် ဒေသတွင်းနေ ကျေးလက်လူထုမှ ဖမ်းဆီးရိုက်နှက် လူ့အခွင့်အ ရေးချိုးဖေါက်မှု မပြတ်ကျူးလွန်ခံနေရသည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ဂျူလိုင်လ ၇ ရက်နေ့ရက်စွဲဖြင့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

သံလွင်အရှေ့ခြမ်း မိုင်းပျဉ်းမြို့နယ်အတွင်း ယခုနှစ်ဆန်းကစပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော်ကြား မကြာ ခဏ တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ဂျွန်လ ၁၇ ရက်နေ့ကလည်း မိုင်းပူးလုံအုပ်စုတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်။
ထိုသို့တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာခြင်း၊ စစ်ကြောင်းများ သွားလာလှုပ်ရှားခြင်းတို့နှင့်အတူ အစိုးရ တပ်မတော် ခမရ ၂၇၇ နှင့် ၅၂၇ တို့က ကျေးလက်လူထုအား ဖမ်းဆီးရိုက်နှက်ခြင်း ပစ္စည်းများယူဆောင်သွားခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ တပ်မတော် က ကျူးလွန်နေသည်ဟု SHRF ကပြောသည်။

“NLD အစိုးရကိုတောင်းဆိုချင်တာက - စစ်ဘေးရှောင် ဒေသခံလူထု ဖြစ်ဖြစ်၊ လူ့အခွင့်အရေးချိုးဖောက်ခံရလို့ ထွက်ပြေးတာဘဲဖြစ်ဖြစ် တွေ့ရှိရင် ကူညီ ကြည့်ရှု စောင့်ရှောက်ပါလို့ အစိုးရကို ပြောချင်ပါတယ်။ အစိုးရမဖြစ်ခင်တုန်းက ဒေသခံလူထုဆီကိုပေးခဲ့တဲ့ကတိကို အကောင်အထည်ဖော်ပေးပါ၊ တခြားတပါးတိုင်းပြည်မှာကျွန်သွားခံနေကြရတာလည်း မျက်နှာငယ်တယ်။ အဲတာကိုလည်းသိစေချင်တယ် ” - ဟု ပြောခွင့်ရ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ အစီရင်ခံစာတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့က RCSS/SSA နှင့်အစိုးရတပ်မတော်ကြားတိုက်ပွဲကြောင့် မိုင်းပူး အွန်အနီး ၀မ့်ပျက်ရွာသား ၂ ဦး စိုင်းဆု (၃၉ နှစ်) နှင့် စိုင်းဝဏ္ဍ ( အသက် ၃၀ နှစ်) တို့အား အစိုးရတပ် ခလရ ၂၇၇ က ဖမ်းဆီးရိုက်နှက်ခြင်း၊ မတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့က ခမရ ၅၂၇ က ခမ်းပတ်ရွာ မိုင်းပူးအွန်အုပ်စု မိုင်းပျဉ်းမြို့နယ် အတွင်း ၀င်ကာ လုံးအင်းဆိုင်နှင့် လုံးမဟာတို့အိမ်များပေါ်သို့တက်ပြီး အဖိုးတန်ပစည်များ ဆန်နှင့်အစားအစာများ ကာလ တန်ဖိုး ကျပ် ၄ သိန်းနီးပါးခန့်အား ယူဆောင်သွားခဲ့ကြောင်း ပါရှိသည်။

ဧပြီလ ၂၀ ရက်နေ့တွင်မူ အစိုးရတပ် ခမရ ၂၄၇ က မိုင်းပျဉ်းမြို့နယ် ရှဲန်မောင်းအုပ်စု ကတ်လျန့်ရွာက ရွာသူကြီး အပါ အ၀င် (တအာင်း) ရွာသား ၆ ဦးအား ဖမ်းဆီးကာ သျှမ်းတပ်သတင်းမေးမြန်းစုံစမ်းကြောင်း၊ မြန်မာစကား မကျွမ်းကျင်သော ရွာသားများဖမ်းဆီးရိုက်နှက်သဖြင့် မျက်နှာ နဖူးတို့တွင် ယောင်ကိုင်းဒဏ်ရာရကြောင်း အစီရင်ခံတွင်ပါရှိသည်။

“ကျနော်တို့ ကွင်းဆင်းလေ့လာပြီး မှတ်တမ်းကောက်ယူချက်အရတော့ အစိုးရတပ်မတော်ဟာ သူတို့ကျူးလွန် ရိုက်နှက်မှု အပေါ် ရွာသားတွေကိုဘာမှ ပေးလျော်တာမရှိဘူး။ သျှမ်းပြည်ထဲမှာ အဲလိုကျူးလွန်မှုတွေရှိနေသေးတယ်ဆိုတာကို အစိုးရကို သိစေချင်တယ်။ အရေးယူဆောင်ရွက်ပေးစေချင်တယ်။”- ဟု လည်း SHRF ပြောခွင့်ရက ဆက်လက်ပြောပြသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးNCA စာချုပ် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်မှု ဖြစ်စဉ်တွင် ပါဝင်သည့် သျှမ်းလက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

သျှမ်းပြည်အရှေ့ပိုင်းတွင် RCSS/SSA အား တိုက်ခိုက်မှု မှု နှင့်အတူ ဒေသခံများအပေါ် အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်နေဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန် သျှမ်းပြည်အရှေ့ပိုင်းတွင် RCSS/SSA အား တိုက်ခိုက်မှု မှု နှင့်အတူ ဒေသခံများအပေါ် အစိုးရတပ် လူ့အခွင့်အရေးချိုးဖေါက်နေဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန် Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.