ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား NLD ပါတီမှ သတိပေးဆုံးမ


ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်က ဒီမိုကရေစီခေတ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ညွန်ကြားရေးမှူးချုပ် အဆင့်သာရှိသည် ဆိုသော ပြောကြားချက်နှင့် ပတ်သတ်ပြီး ၄င်းအား NLD ပါတီက ခေါ်ယူသတိပေး ဆုံးမသော ကြေညာချက် တစ်စောင်ကို ဇူလိုင် ၁၄ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

“ဒါအမှန်ပါပဲ၊ သတိပေးတယ် ဆိုတာထက် ခေါ်ယူမေးမြန်း ဆုံးမတယ် ဆိုတာ ပါတယ်။ ဆုံးမတယ်ဆိုတာ သတိပေးတာနဲ့ သိပ်မတူဘူး” ဟု NLD ပါတီမှ ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာဦးအောင်ရှင် က The Ladies News သို့ ပြောကြားသည်။

NLD ပါတီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် USAID နှင့် ပူးပေါင်းပြုလုပ်ခဲ့သည် နိုင်ငံရေး အကျဉ်းသမား အတွက် အလုပ်အကိုင် ဖန်တီပေးရေး၊ အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ ဦးဖြိုးမင်းသိန်းအား သတိပေး ဆုံးမလိုက်သည်ဟု ဖော်ပြထားသည်။

USATD နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်သားများအတွက် အလုပ်အကိုင် ဖန်တီပေးရေး အရပ်ဖက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ ဒီမိုကရေစီခေတ်တွင် မရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဆိုသည်မှာ Protocoal အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်နှင့် ပတ်သတ်ပြီး လိုအပ်သလို စိစစ်အရေးယူပေးရန် တပ်မတော်ဘက်က ဇူလိုင်လ ၁၁ ရက်တွင် တစ်ကြိမ်၊ ၁၂ တွင် တစ်ကြိမ် နှစ်ကြိမ်တိုင် အစိုးရကိုတောင်းဆိုခဲ့သည်။

ယင်းကို တုံ့ပြန်သောအားဖြင့် ဇူလိုင်လ ၁၃ ရက်တွင် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်သည် နိုင်ငံတော် အစိုးရ၏ သဘောထား ရပ်တည်ချက် မဟုတ်ကြောင်း၊ အဆိုပါပြောကြား ချက်သည် အစိုးရနှင့် တပ်မတော်ကြား အထင်အမြင် လွဲမှားမှုကို ဖြစ်ပေါ်စေကြောင်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဆောင်ရွက်ရမည့် အပိုင်းများကို ညွှန်ကြားထားကြောင်း တပ်မတော်ဘက်ကို အကြောင်းပြန် ကြားထားသည်ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

အောင်ရဲနောင်
The Ladies News
https://www.facebook.com/News.TheLadies
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား NLD ပါတီမှ သတိပေးဆုံးမ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား NLD ပါတီမှ သတိပေးဆုံးမ Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.