အင်းတော်ကြီး အင်းမြှီးဒေသတွင် မြန်​မာ့တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား


ဇူလိုင် ၅

မိုးညှင်းမြို့နယ် အင်းတော်ကြီးအင်းမြှီးဒေသ အိုင်လေးတူကျေးရွာအရှေ့ဘက် လွယ်ချောင်ကွင်းတွင် မြန်​မာ့တပ်မတော်နှင့် KIA တို့ ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီ ၁၅ မိနစ်ထိ ဆက်တိုက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်​ပွဲသည်​ မြန်​မာ့တပ်​မ​တော်​ ခမရ ၁၀၁ နှင့်​ ​​ကေအိုင်​​အေ တပ်​မဟာ ၆ (ခွဲ)လက်​​အောက်​ခံတို့ တိုက်​ပွဲဖြစ်​ပွားခြင်းဖြစ်​သည်​။

''မနက် ၈ နာရီခွဲကနေ သေနတ်သံတွေ ကြားရတာဆက်တိုက် ပေါက်ပေါက်ဖောက်သလိုပဲ။ လက်နက်ကြီးသံက ၆ ချက်ကြားရတယ်။'' ဟု လွယ်ချောင်ကွင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ လယ်သမား တစ်ဦးက ရှမ်းနီအသံသို့ ပြောသည်။

အဆိုပါ တိုက်ပွဲသည် အင်းတော်ကြီး အင်းမြှီးဒေသ လွယ်ချောင်ကွင်းတွင် ယခုကဲ့သို့ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်ကြသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်နက်ကြီးများ ကျရောက်လာမည်ကို ဒေသခံလယ်သမားများက စိုးရိမ်နေကြကြောင်း သိရသည်။

''အရင်ကတော့ စစ်ကြောင်းတွေ တက်လာရင် တိုက်ပွဲဖြစ်မှာစိုးလို့ ထွက်ပြေးတာလောက်ပဲရှိတာ ခုက ဦးလှထွန်းတဲ နဲ့ ဦးကျော်အေးတို့တဲကနေ ပစ်နေကြတဲ့အခါကြတော့ စိုးရိမ်ရတာပေါ့။ ဦးကျော်အေးရဲ့ တဲမှာ သူ့သမီး ဆယ်တန်းကျလို့ တဲမှာ ထမင်းချက်နေတာ သူကျန်ထားတယ် အဲတဲမှာ လွတ်ခဲ့လား မလွတ်ခဲ့ဘူးလား မသိတော့ဘူး။ အထိတ်အလန့်လည်း ဖြစ်တယ် တစ်ခါမှလည်း မကြုံဖူးဘူး ခုက နားနဲ့ ကြားနေရတဲ့အခါ ကျတော့ အသက်လုပြီး ထွက်ပြေးရတယ် ကြောက်လို့။ လမ်းကလည်း မကောင်းတဲ့အခါကြတော့ ကလေးတွဲလောင်းနဲ့ ထွက်ပြေးရတော့ ဒုက္ခပိုရောက်တာပေါ့'' ဟု လွယ်ချောင်ကွင်းမှ ထွက်ပြေးလာသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ လွယ်ချောင်ကွင်းတွင် လယ်သမား ဦးရေ ၈၀ ကျော် နီးပါး ရှိပြီး မိခင်နှင့်ကလေးငယ်များ၊ အမျိုးသမီးများ၊ လူငယ်များအားလုံး ထွက်ပြေးတိမ်ရှောင်လာကြပြီး တဲစောင့်သူ တစ်တဲလျှင် လူတစ်ဦးမျှသာ ကျန်ရှိနေသေးကြောင်း သိရသည်။

ပုံ - အင်း​တော်​ကြီး​ အင်းမြှီး​ဒေသ လွယ်​​ချောင်​ကွင်း
The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal/
အင်းတော်ကြီး အင်းမြှီးဒေသတွင် မြန်​မာ့တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား အင်းတော်ကြီး အင်းမြှီးဒေသတွင် မြန်​မာ့တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.