သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး

ရန်ကုန်မြို့ ဘူတာကြီးအနီး ဖြတ်သန်းသွားလာသူများကို ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်။ တုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောခြင်း လူထူထပ်သည့်နေရာတွင် နှာခေါင်းစွပ် တပ်ဆင်ခြင်း၊ အိပ်ပျက်မခံခြင်း၊ အာဟာရရှိသော အစားအစာကို မျှတစွာ စားသောက်ခြင်း စသဖြင့် ဂရုတစိုက် ဆင်ခြင်ရမည့်အချက်များစွာ ရှိနေသည် (ဓာတ်ပုံ - သက်ထူး/Myanmar Now)
ရန်ကုန် (Myanmar Now) - H1N1 ရာသီပေါ်တုပ်ကွေးရောဂါဖြင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ လူနာ ၂ ဦး သေဆုံးသွားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက Myanmar Now ကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့က ဆေးရုံသို့ ရောက်ရှိလာသော  ၅ နှစ်အရွယ်ကလေးမှာ ထိုနေ့မှာပင် ဆုံးပါးသွားခဲ့ပြီး၊ ဇူလိုင် ၂၄ ရက်နေ့က ရောက်ရှိလာသော အသက် ၃၄ နှစ်အရွယ်အမျိုးသားမှာ ဇူလိုင် ၂၇ မနက်တွင် ချောင်းဆိုး၊ ဖျားနာ စသည့်ဝေဒနာများ ခံစားရပြီး ဆုံးပါးသွားရခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ဆိုသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး ရှိနေကြောင်း၊  ကုသမှုခံယူနေသော  အဆိုပါ ၂၉ နှစ်အရွယ် အမျိုးသမီးအခြေအနေမှာ တိုးတက်ကောင်းမွန်မှုရှိကြောင်း ဒေါက်တာဒေါ်သန်းလှကဆိုသည်။

“လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အားလုံးပြည့်စုံအောင်လုပ်ပေးပါတယ်။ ဆုံးသွားတဲ့ နှစ်ယောက်လုံးရော၊ အခု ဆေးကုသမှုခံယူနေတဲ့အမျိုးသမီးရော ၃ ယောက်လုံးက ရန်ကုန်ကပါပဲ” ဟု ဒေါက်တာဒေါ်သန်းလှက ပြောကြားသည်။

နောက်ဆုံးအချက်အလက်များအရ H1N1 တုပ်ကွေးရောဂါဖြင့် သေဆုံးသူစုစုပေါင်းမှာ ၆ ဦး ရှိလာပြီဖြစ်သည်။

ကျန်းမာရေးဌာနတာဝန်ရှိသူများက သံသယရှိသူ ၃၅ ဦးကို စစ်ဆေးကြည့်ရာတွင် H1N1 ကူးစက်မြန် တုပ်ကွေးရောဂါ ကူးစက်ခံထားရသူ ၁၆ဦး ကို တွေ့ရှိခဲရသည်ဟု မကြာမီရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ကာကွယ်နည်းများ

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာနမူး ဒေါက်တာ ဦးဝင်းလွင်က ကူးစက်မြန် H1N1 တုပ်ကွေးရောဂါးပိုးကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လူထူထပ်သည့်နေရာများကို ရှောင်ကျဉ်ရန် လိုအပ်သည်ဟုပြောသည်။

ရောဂါပိုးကူးစက်ရန် အခွင့်အလမ်းပိုများသော လူအများအသုံးပြုသည့် မြို့ပတ်ရထားများပေါ်ရှိ လက်ကိုင်ကွင်းများ၊ ဘက်စ်ကားတွင်းရှိ လက်တန်းများ၊ ၊ လူစည်ကားသည့် ဈေးဝယ်ကုန်တိုက်များရှိ စက်လှေကားလက်ရမ်းများ၊ ဓာတ်လှေကားများကို ကိုင်တွယ်အသုံးပြုပြီးပါက လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

ရောဂါပိုးပျံ့နှံ့လာပါကလည်း ကျန်းမာရေးဌာနက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ တစ်နိုင်ငံတည်း လုပ်မှာ မဟုတ်ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကူအညီနဲ့ အဆင့်ဆင့်လိုက် ပြင်ဆင်သွားမှာပဲ။ လုံလောက်တဲ့ အခြေအနေမျိုးရှိတယ်လို့ပဲ ဖြေချင်ပါတယ်”ဟု ဇူလိုင်လ၂၄ရက်နေ့က ရန်ကုန်တိုင်းကျန်းမာရေးဦး စီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကဖြေကြားခဲ့သည်။

H1N1 ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာရပ်များမှာ အဖျားကြီးလာပြီး ရင်ဘတ်အောင့်လာခြင်း၊ ကြွက်သားနာကျင် ကိုက်ခဲလာခြင်း၊ အသက်ရှုကြပ်လာခြင်းတို့ဖြစ်ပြီး သာမန်ဖျားနာနေရာမှ ထိုလက္ခဏာရပ်များ ဖြစ်ပေါ်လာပါက ဆေးရုံသို့ ချက်ခြင်းလာရန် လိုအပ်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။

အိချယ်ရီအောင်/Myanmar Now
http://www.myanmar-now.org
သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.