ဖျာပုံမှ အမျိုးသားတစ်ဦး ရန်ကုန်ဆေးရုံကြီးတွင် H1N1 ရောဂါဖြင့် သေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း (၄)ဦး ရှိပြီဖြစ်
ဖျာပုံမြို့နယ်က အမျိုးသားတစ်ဦး H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးသွားတယ်လို့ ဇူလိုင် (၂၆)ရက် မွန်းလွဲ (၁)နာရီက ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ H1N1 အရေးပေါ်ကြေညာချက် ထုတ်ပြန်နိုင်ရေး အစည်းအဝေးမှာ ဖျာပုံခရိုင်ဆေးရုံအုပ်ကြီးဒေါ်စိန်စိန်က အတည်ပြုပြောကြားခဲ့ပါတယ်။
ဖျာပုံမြို့ အမှတ် (၁၆)ရပ်ကွက်၊ ကံကြီး (၅)လမ်းနေ အသက် (၄၃)နှစ်အရွယ်ရှိတဲ့ ပင်လယ်ငါးဖမ်းစက်လှေ ဦးစီးလုပ်ကိုင်သူ အမျိုးသား တစ်ဦးဟာ အဖျားရောဂါကြောင့် ဇူလိုင် (၂၀)ရက်က ဖျာပုံမြို့ ၊ အမှတ်(၆)ရပ်ကွက် ၊ အနော်ရထာလမ်း(စာတိုက်လမ်း)ရှိဇော်ဂျီအထူးကုဆေးခန်းမှာ တက်ရောက် ကုသလျက်ရှိရာကနေ မသက်သာတာကြောင့် ဇူလိုင်(၂၂)ရက် မွန်းလွဲ(၃)နာရီအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီကို လွှဲပြောင်းကုသခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားဟာ ဇူလိုင် (၂၆)ရက် မနက် (၉)နာရီ (၄၅)မိနစ်အချိန်ခန့်က ရန်ကုန်ဆေးရုံကြီးမှာ H1N1 ရောဂါနဲ့ သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီရောဂါနဲ့သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဇူလိုင် (၂၆)ရက် မနက်(၁၁) နာရီက အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဖျာပုံခရိုင်အတွင်း လူစည်ကားရာ နေရာတွေ၊ ဈေးတွေ၊ ကျောင်းတွေ၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေအထိ H1N1 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေသိရှိအောင် ဇူလိုင် (၂၆)ရက် ညနေပိုင်းက စတင်ကာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဇူလိုင်လ(၂၄)ရက်အထိ H1N1 ရောဂါနဲ့ သေဆုံးသူ (၃)ဦး ရှိခဲ့တာဖြစ်ပြီး အခုထပ်မံ သေဆုံးသူနဲ့ဆိုရင် စုစုပေါင်း သေဆုံးသူ (၄)ဦး ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို ကျော်စိုးမိုး(ဖျာပုံ) ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ဖျာပုံမှ အမျိုးသားတစ်ဦး ရန်ကုန်ဆေးရုံကြီးတွင် H1N1 ရောဂါဖြင့် သေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း (၄)ဦး ရှိပြီဖြစ်
Reviewed by THITHTOOLWIN
on
19:29
Rating:
